ဓမ္မကာယဉာဏ်ပညာကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော

ဝပ်ပါနမ်ဆရာတော်ဘုရားကြီးအား အောက်မေ့သတိရခြင်း အထိမ်းအမှတ်နေ့

၁၉၀၆ – ခုနှစ်တွင် အသက် ၂၂ နှစ်အရွယ် ဆုဒ်မီကဲ့နွော် (Sodh Mikaewnoi) သည် သူ၏မြို့တွင်ရှိသော ဝပ်ဆောင်ဖိနောင်ကျောင်းတိုက် (Wat Songpinong) တွင် ရဟန်းဝတ်ခဲ့သည်။ ဘွဲ့တော်မှာ ဆုဒ်စန္ဒသာရော(Candasaro) ဖြစ်သည်။ ရဟန်းဝတ်ပြီး နောက်နေ့တွင် ပါဠိခွန်ဘာသာ (Pali Canon) ကို လေ့လာသင်ယူရင်းဖြင့် တရားထိုင်ခြင်းအလုပ်ကိုလည်း စတင်ခဲ့ပါသည်။ မြတ်ဗုဒ္ဓ၏ တရားတော်များကို ပြည့်ပြည့်စုံစုံ သိရှိလိုသောကြောင့် ကျောင်းတိုက်များစွာမှ ဆရာသမားများစွာထံမှ နက်နဲသောပညာများ သင်ယူခွင့်ကို အမြဲထာဝရ ရှာဖွေခဲ့သည်။ ၁၁ နှစ်ကြာပြီးသည့်တိုင်အောင် သူ၏ဆန္ဒသည် မပြည်စုံသေးပေ။ နွန်ဌဘူရီမြို့နယ် ဝပ်ဘော့ဘွန်ကျောင်းတိုက် (Wat Bote-bon) ၌ ၁၉၁၇-ခုနှစ် တော်သလင်းလပြည့်နေ့ သူ၏အသက် ၃၃-နှစ်တွင် “မြတ်ဗုဒ္ဓ၏ တရားဓမ္မကို မရမချင်း တရားထိုင်သွားမည်။ သေသွားပါစေ ဤနေရာမှ မထဘဲ ဆက်လက်အားထုတ်မည်” ဟု  အဓိဌာန်ပြုလိုက်သည်။ ထို့နောက် တရားအားထုတ်ရင်း စိတ် တည်ငြိမ်လာသည့်အခါ ဝမ်းဗိုက်အလယ်မှ တရားစက်ဝန်းသည် ထွက်ပေါ်လာခဲ့သည်။ ဆက်လက်၍ တရားဆင်ခြင်နေခြင်းဖြင့် တရားစက်ဝန်းသည် ကြီးမားကျယ်ပြန့်လာသည်။ တစ်ခုထက်တစ်ခု ပို၍ ပို၍ တောက်ပကြည်လင်လာသည်။ တရားအားထုတ်ခြင်းကို တစ်ညလုံး ဆက်လက်အားထုတ်တော်မူခဲ့သည်။ ဓမ္မကာယဟု ခေါ်သော အဆင့်သို့ ရောက်သည်အထိ ကြားကာလတွင် အတွင်းခန္ဓာကိုယ် များစွာကို ရရှိခဲ့သည်။ ဒီအဖြစ်အပျက်သည် ဝပ်ဘော့ဘွန် (Wat Bote-bon) ကျောင်းတိုက်တွင် ဝပ်ပါနမ်ဆရာတော် (စုတ်စန္ဒသာရော) တရားထူးတရားမြတ်ကို ရရှိခဲ့သော အဖြစ်အပျက် ဖြစ်သည်။ ဆရာ‌တော် ယခုကဲ့သို့ တရားထူးကို ရရှိခြင်းသည် လောကလူသားတို့ တရားထူးရဖို့ တရားအားထုတ်နိုင်ကြောင်း သက်သေဖြစ်သည်။ မည်သည့်အချိန်မဆို (အကာလိကော) အလယ်အလတ်ကျင့်စဥ်အတိုင်း အားထုတ်သူတိုင်း ရရှိနိုင်ပါသည်။

 

ပြန်လည်ရှာဖွေတွေ့ရှိသောနေ့

၁၉၁၇-ခုနှစ်၊ (ဒသမ စန္ဒမာသ) တော်သလင်းလပြည့်နေ့၌ ဆရာတော်သည် နံနက် ၈နာရီ အချိန်၊ ဆွမ်းခံကြွရာမှ ပြန်လာပြီးနောက် သိမ်ကျောင်းထဲတွင် တရားထိုင်ခဲ့သည်။ နေ့ဆွမ်းစားချိန် – (၁၁)နာရီ အချက်ပေးမောင်းသံကို မကြားမချင်း မရပ်တန့်ဘဲ အားထုတ်မည်ဟု အဓိဌာန်ချလိုက်သည်။ ထို့နောက် မျက်လုံးများကို မှိတ်ကာ စိတ်ထဲ၌ “သမ္မာ အရဟံ” ဟု အဆက်မပြက် ရွတ်ဆိုနေခဲ့သည်။ တရားထိုင်ရာမှ နာကျင်ခြင်း၊ ထုံကျင်ခြင်း ဝေဒနာတို့သည် အရိုးများအားလုံး အစိတ်စိတ် အပိုင်းပိုင်း ပေါက်ကွဲလုနီးပါး ခံစားခဲ့ရသည်။ နာကျင်မှုသည် သည်းမခံနိုင်လောက်အောင် ဖြစ်လာသည်နှင့်အမျှ စိုးရိမ်ကြောင့်ကြ၊ ပူဆွေးခြင်းများ ဖြစ်ပေါ်လာခဲ့သည်။  

“အိုး… ငါ အရင်က ခုလိုမျိုး တခါမှ မခံစားဖူးဘူး၊ ယခင်က တရားထိုင်းခြင်းမျိုးနှင့် မတူဘူး၊ ‘စည်မောင်းသံ မကြားမချင်း ငါ တရားထိုင်ခြင်းမှ မရပ်တန့်’ ဟူသော အဓိဌာန်ချမှတ်ခဲ့ပြီးသည့်နောက် ဘာကြောင့် အရမ်း စိုးရိမ်၊ ကြောင့်ကြ၊ ပူဆွေး ရတာလဲ၊ (၁၁)နာရီ စည်မောင်းသံ မကြားခင် ဤအရာကို ငါ ဘယ်လောက်အချိန်ကြာ သည်း ခံနိုင်ရမလဲ။”

ထိုအကြောင်းအရာနှင့် ပက်သက်၍ စဥ်းစားရင်း သူ၏စိတ်သည် အကြိမ်ပေါင်းများစွာ စွန့်လွတ် လက်လျော့လုနီပါးအထိ ယိမ်းယိုင်သွားခဲ့သည်။ သို့သော်လည်း အဓိဌာန်ချထားသည့်အတိုင်း ဆက်လက်တရားထိုင်ခဲ့သည်။ သူ၏စိတ်သည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီး ဝမ်းဗိုက်ဗဟိုတွင် ရှိသော အလယ်မှတ်တည့်တည့် တစ်နေရာထဲမှာ တည်ငြိမ်သွားခဲ့သည်။ ထို့အလယ်မှတ်တွင် ကြက်ဥအနှစ်ပုံသဏ္ဍာန် တောက်ပသော၊ ကြည်လင်သန့်ရှင်းသော စက်ဝိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ၏ စိတ်ထဲတွင် ဖေါ်ပြ၍ မရနိုင်လောက်အောင် ထူးထူးခြားခြား အားရကျေနပ် ပီတိဖြစ် ပျော်ရွှင်ခဲ့သည်။ နာကျင်မှု ဒုက္ခဝေဒနာသည် အံ့သြဖွယ်ကောင်းလောက်အောင် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် စည်မောင်းသံ ကြားခဲ့သည်။

တစ်နေ့ပတ်လုံး ပျော်ရွှင်မှုပီတိဖြင့် ပြည့်နေခဲ့သည်။ တောက်ပ ကြည်လင်သန့်ရှင်းသော ဓမ္မစက်ဝန်းကို ခန္ဓာကိုယ်၏ အလယ်ဗဟို၌ တစ်နေ့ပတ်လုံး မြင်နေရသည့်ထိ ဖြစ်ခဲ့သည်။ ညနေခင်းအချိန်မှာ နှစ်ပတ်တစ်ကြိမ် ပြုလုပ်ရသော အခြေခံကိုယ်ကျင့်သီလများ ရွတ်ဆိုစင်ကြယ်ခြင်းကို ရဟန်းများနှင့်အတူ ရွတ်ဆိုပြီးသည့်နောက် ဘုရားကျောင်းဆောင်ဆီသို့ လျှောက်လာပြီး ကြွေးကြော်မှုကို ပြုခဲ့သည်။

“ငါ၏အသွေးအသားများ ခမ်းခြောက်သွားခဲ့မယ်ဆိုရင်တောင် ငါသည် ဗုဒ္ဓ၏ တရားတော်များကို မရမချင်း ဤထိုင်သောနေရာမှ မထဘဲ ဆက်လက်၍ တရားအားထုတ်သွားမယ်။ အမြင့်မြတ်ဆုံးသော ဗုဒ္ဓသည် တပည့်တော်အား သနားကြင်နာမှု ကရုဏာကို ပြတော်မူပါ။ အရှင်ဘုရား၏ အသိဥာဏ်အလင်း (သဗ္ဗညုတဉာဏ)ကို တပည့်တော်အား အလွယ်ကူဆုံးနှင့် အလျှင်မြန်ဆုံး ပေးသနားတော်မူပါ။ တပည့်တော်၏ ဓမ္မအသိဉာဏ်အလင်းကို ရရှိခြင်းသည် ဗုဒ္ဓဘာသာကို အန္တရာယ်ဖြစ်စေပါက ကျေးဇူးပြုပြီး တပည့်တော်အား ခွင့်မပြုပါနဲ့။ ဒါပေမယ့် ဗုဒ္ဓဘာသာကို အကျိုးပြုနိုင်ခဲ့မယ်ဆိုရင် ဗုဒ္ဓမြတ်စွာသည် တပည့်တော်အား သနားညှာတာ ကရုဏာထားကာ တရားဓမ္မများကို ချီးမြှင့်ပေးသနားတော်မူပါဘုရား။ တပည့်တော်သည် ရှင်တော်မြတ်ဘုရား သင်ကြားပြသတော်မူခဲ့သော တရားဓမ္မများကို  ဘဝတစ်သက်တာလုံး ထိန်းသိမ်းစောင့်ရှောက်၊ အားပေးထောက်ခံ၍ ဓမ္မနှင့်အတူ ရပ်တည်ပါမည်ဘုရား။

ဓမ္မကာယကို ပြန်လည်ရှာဖွေတွေ့ရှိခြင်း

အထက်ပါအတိုင်း အဓိဌာန်ပြုပြီးနောက် ထက်ဝယ်တင်ပျဉ်ခွေပုံစံထိုင်ကာ ဆရာတော်ကြီးသည် ပိုမိုနက်ရှိုင်းသည့် ကမ္မဋ္ဌာန်းတရားအားထုတ်ခြင်းကို စတင်ခဲ့ပါတော့သည်။ ထိုအချိန် မိုးများသည်းထန်စွာ ရွာသွန်းလာပါတော့သည်။ ဆရာတော်ကြီးသည် ကြမ်းပြင်၏ အက်ကွဲကြောင်းမှ ထွက်လာသော ပုရွက်ဆိတ်တန်းတစ်ခုကို မြင်ခဲ့သည်။ ဆရာတော်ကြီးသည် ထိုပုရွက်ဆိတ်တန်း သူ့ဆီရောက်လာပြီး သူ၏ကမ္မဋ္ဌာန်းအားထုတ်မှုကို နှောက်ယှက်နိုင်သည်ဟု အခိုက်အတန့် စဉ်းစားမိခဲ့ပါသည်။ ထို့နောက် ဆရာတော်ကြီးသည် သူ၏လက်ချောင်းကို အနီးအနားမှာရှိသည့် ရေနံဆီပုလင်းထဲသို့ နှိုက်လိုက်ပြီး ပုရွက်ဆိတ်များ ဝင်ရောက်လာခြင်းမှ ကာကွယ်နိုင်ရန် မိမိ၏ဝန်းကျင်တွင် စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်သည်။ ထို့နောက် ဆရာတော်ကြီးသည် “ငါသည် အခုလေးပင် တရားဓမ္မအားထုတ်ပြီး အသက်ခန္ဓာကိုပင် စွန့်လွှတ်ရန် သန္နိဋ္ဌာန်ချ, ပတ္ထနာပြုပြီးပြီ မဟုတ်ပါလား။ အဘယ်ကြောင့် သေးငယ်သော ပုရွက်ဆိတ်များကို ကြောက်နေရပါသနည်း”ဟု အသိပြန်ဝင်လာကာ ရေနံဆီပုလင်းကို အဝေး၌ ပြန်ထားလိုက်ပြီး မိမိကိုယ်ကို အကာအကွယ် မထားဘဲ ကမ္မဋ္ဌာန်းတရား ဆက်လက်အားထုတ်ခဲ့ပါတော့သည်။ ညဉ့်နက်သည်အထိ ကမ္မဋ္ဌာန်းတရားကို အားထုတ်ခဲ့သည့်အတွက် စိတ်သည် စတင်ငြိမ်သက်လာခဲ့သည်။ ထိုနေ့မနက် အစောပိုင်း တရားအားထုတ်စဥ်က မြင်ခဲ့ရသည့် တောက်ပကြည်လင်သော ဓမ္မစက်ဝန်းသည် ပြန်လည်ဖြစ်ပေါ်လာခဲ့ပြီး ပို၍ပင် ကြည်လင်တောက်ပလာခဲ့သည်။ စက်ဝန်း၏ ကြည်လင်မှုသည် အပြစ်အနာအဆာကင်းသော သလင်းကျောက်အဝန်းကဲ့သို့ ပေါ်လာပြီး ကြည်လင်ပြတ်သားစွာ ရှုမှတ်နိုင်ခဲ့သည်။ ဓမ္မစက်ဝန်း၏ တောက်ပမှုမှာ နေ့လည်နေ့ခင်းပိုင်းတွင် တောက်ပမှုကဲ့သို့ ပိုမိုကြီးမားကျယ်ပြန့်စွာ ကြီးထွားလာခဲ့သည်။ ဆရာတော်ကြီးသည် ညနေခင်းအစောပိုင်းမှ ညသန်းခေါင်ယံထိတိုင်အောင် နောက်ထပ် အဆင့်တန်းတစ်ခုသို့ ကူးပြောင်းတိုးတက်လာပုံကို မသိရှိတော့ပဲ နာရီပေါင်းများစွာ ထိုစက်ဝန်း၏အပေါ်၌သာ ရှုမှတ်ဆင်ခြင်နေခဲ့သည်။

ထို့နောက် ထိုစက်ဝန်း၏အလယ်တွင် တိတ်ဆိတ်ငြိမ်သက်ခြင်းမှ ထွက်ပေါ်လာသော အလယ်အလတ်ကျင့်စဉ်ဟု အဓိပ္ပါယ်ရသည့် ရှေးသုံးပါဠိဝေါဟာရတစ်ခုဖြစ်သော “မဇ္ဈိမ ပဋိပဒါ”ဟူသည့် သိမ်မွေ့နူးညံသော ရှေးသုံးစကားသံ ထွက်ပေါ်လာသည်။ ထိုစက်ဝန်း၏ အလယ်သည် ခန္ဓာကိုယ်ထဲ တောက်ပသော, ပိုမိုနက်နဲသော, နွေးထွေးသော, ချမ်းမြေ့သာယာသော, တောက်ပမှုအားလုံး၏ ရင်းမြစ်ကဲ့သို့ လွန်စွာကိုပင် တောက်ပလာခဲ့သည်။ နောက်ပိုင်းတွင် ဆရာတော်ကြီးသည် “အလယ်အလတ်လမ်းစဉ်” ဟူသောဝေါဟာရသည် လျှို့ဝှက်စွာ ပုန်းကွယ်နေသည့် အဓိပ္ပါယ်ရှိရမည်ဟု စတင်သိမြင်လာသည်။ အမှန်စင်စစ်အားဖြင့် ခန္ဓာကိုယ်၏ အလယ်ဗဟိုတည့်တည့်မှ ထိုသေးငယ်လှသော အစက်အပြောက်လေးသည် ပုန်းကွယ်နေပြီး အတွင်းကျသော ထုထည်အရွယ်အစား၏ တံခါးပေါက်ဝ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ထိုအစက်အပြောက်လေးသည် ကြက်ဥနှစ်အရွယ်ခန့်မျှ ကြီးထွားလာပါသည်။ ထိုအချိန်မှာပင် ယခင်ကဖြစ်ခဲ့သည့် အဝန်းအဝိုင်းလေးသည်လည်း တဖြည်းဖြည်းနှင့် အရွယ်အစားကြီးမားလာပြီး တဖန်ပြန်လည်ပျောက်ကွယ်သွားပြန်ပါသည်။ ဆရာတော်ကြီးသည် အသစ်ဖြစ်သော အစက်အပျောက်လေး၏ အလယ်ကို ပို၍နက်ရှိုင်းစွာ ရှုမှတ်ဆင်ခြင်လိုက်သည့်အခါ နောက်ထပ် အစက်အပျောက်လေးတစ်ခုသည် ထိုယခင်အစက်အပျောက်၏ အလယ်မှ တဖန်ဖြစ်ပေါ်လာပါသည်။ အစက်အပျောက်လေးများကို အစားထိုးပြီး ရေပန်းမှတဆင့် ပန်းထွက်လာသလို ဖြစ်နေပါတော့သည်။ ဆရာတော်ကြီးသည် နက်ရှိုင်းစွာ ကမ္မဋ္ဌာန်းတရားကို ရှုမှတ်ခဲ့သည့်အတွက်ကြောင့် ထိုအသစ်အသစ်သော အစက်အပျောက်များသည် ဆင့်ကဲဆင့်ကဲဖြစ်ပေါ်လာပြီး ယခင်အစက်အပျောက်များထက်ပင် ပို၍ပို၍တောက်ပလာခဲ့သည်။ ပို၍လည်း ကြည်လင်လာခဲ့ပါသည်။ နောက်ဆုံးတွင် မြတ်စွာဘုရားရှင်၏ ရုပ်ပုံတော်နှင့်ဆင်တူသော အလွန်တောက်ပပြီး သန့်ရှင်းစင်ကြယ်သော ရုပ်ပုံတော်ဖြစ်ပေါ်လာခဲ့သည်။ ထိုရုပ်ပုံတော်သည် တရားရှုမှတ်၍ ထိုင်နေသော မြတ်စွာဘုရား၏ပုံသဏ္ဍန် ဖြစ်သည်။ သရဖူ၏ အမောက်ကလေးသည်လည်း ကြာဖူးကဲ့သို့ ပုံစံရှိပြီး ရုပ်ပုံတော်သည်လည်း ကမ္ဘာလောက၌ ပွင့်ခဲ့သည့် ဘုရားများထက်ပင် ပို၍တောက်ပ, ပို၍ကြည်လင်, ပို၍လှပတင့်တယ်ပြီး ပို၍လည်း အံသြဖွယ် ကောင်းလှပါသည်။ ဆက်လက်ရှုမှတ်ဆင်ခြင်လိုက်သည့်အခါ “ထို သဘောတရားသည် မှန်ကန်သင့်မြတ်၏” ဟူသော စကားလုံးတို့ဖြင့် ဓမ္မကာယ၏အလယ်မှ အသံတစ်သံသည် ပဲ့တင်ထပ်လာပါသည်။

ဆရာတော်ကြီးသည် ရွှင်လန်းတက်ကြွသော ခံစားချက်ဖြင့် အောက်ပါအတိုင်း ကျူးရင့်တော်မူသည်။

“သြော်.. ထိုကဲ့သို့သော တရားထူးထိတွေ့ခံစားရမှုသည် အလွန်ကိုရဖို့ ခက်ခဲလှပါသည်။ လူတိုင်းက ဘယ်လိုလုပ်ပြီး တရားထူးကို ရရှိနိုင်ပါလိမ့်မလဲ၊ ထိုအရာသည် မှတ်သားနိုင်ခြင်း သညာ၊ သတိပြုနိုင်ခြင်း မှတ်ဉာဏ်၊ စဉ်းစားဆင်ခြင်သုံးသပ်နိုင်ခြင်းနှင့် တကယ်ကိုနားလည်သဘောပေါက်နိုင်စွမ်းတို့ကို ကျော်လွန်မှသာ ဖြစ်နိုင်တာပါလား။ ဒီသဘောတရားတွေကို မကျော်လွန်နိုင်ဘဲနဲ့ ဘယ်သူမှ တရားထူးကို ရရှိနိုင်မှာ မဟုတ်ဘူး။ ဒီသဘောတရားအားလုံး ရပ်တန့်ပြီး တစ်ခုတည်းသောနေရာမှာ ပေါင်းစည်းလာပြီး ရှုမှတ်စိတ်တည်တံ့လာတဲ့အခါ အဲဒီအရာအားလုံးသည် ချုပ်ငြိမ်းလာတယ်။ ထိုသဘောတရားအားလုံး ချုပ်ငြိမ်း လာသည့်အခါမှသာ တရားထူးတရားမြတ်ကို ထိုးထွင်း၍ သိမြင်လာနိုင်တယ်။ ဒီသဘောတရားက ချိတ်ဆက်နေတဲ့ ကွင်းဆက်နေရာ ဖြစ်တယ်။ အရာအားလုံးဟာ တရားထူးမဖြစ်ပေါ်နိုင်ခင်မှာ တစ်စုံတစ်ခုနှင့် ညီမျှနေပြီး မှန်ကန်တဲ့အစိတ်အပိုင်း ဖြစ်လာတယ်”

(ရှင်းလင်းချက် ။ ။ မငြိမ်မသက်လှည့်လည်ကျက်စားနေသော စိတ်သည် အာရုံတစ်ခုတည်းအပေါ် ကျရောက်ရပ်တန့်ပြီး လုံးဝတည်ကြည် ငြိမ်သက်သွားသောအခါ၌ တရားထူးဉာဏ်အမြင်ရရှိမှုကို နှောက်ယှက်နေသော နီဝရဏတရားများသည်လည်း ပျောက်ကွယ်သွားသည်။ ထိုသို့ပျောက်ကွယ်မှု ဖြစ်လာသည့်အခါမှသာ တရားထူးဉာဏ်အလင်းသည် ဖြစ်နိုင်သည်။ နောက်ပိုင်းတွင် အာရုံတစ်ခုတည်းအပေါ် ကျရောက်၍ ရပ်တန့်ခြင်းသည် အောင်မြင်ခြင်း၏ အဓိကသော့ချက် ဖြစ်၏”ဟူသော ဆိုရိုးနီတိ ပေါ်ထွက်လာပါတော့သည်။)

ဓမ္မကာယတရားအားထုတ်ခြင်းသည် မြတ်ဗုဒ္ဓရရှိတော်မူသော တရားထူးဉာဏ်ကို ရရှိရန် အားထုတ်သော နည်းဖြစ်သည်။ ဆရာတော်ကြီး မိန့်တော်မူဖူးသည်မှာ “တရားဆိုတာ ဒါပါပဲ။ ဘယ်သူက ထင်ထားမှာလဲ။ အတွေးတွေကို ရပ်တန့်ခြင်းပဲ။ အတွေးတွေကို မရပ်တန့်ဘူးဆိုရင်တော့ တရားဆိုတာကို ရနိုင်မှာ မဟုတ်တော့ဘူး။” ဟူ၍ တည်း။

ဓမ္မကာယတရားအားထုတ်နည်းကို ပထမဆုံး သင်ကြားပေးခြင်း

ဆရာတော်သည် နောက်ထပ် နာရီဝက်ကြာအောင် ဆက်လက်တရားအားထုတ်ခဲ့သည့်အခါ ခံစားမှုအာရုံ၌ ဝပ်ဘန်ပလာကျောင်းတိုက် (Wat Bangpla) သည် တရားအားထုတ်သည့်နေရာသို့ ရောက်ရှိနေသည်။ ထိုအချိန်၌ ဆရာတော်သည် ‌ကျောင်းတိုက်၌ အမှန်တကယ် ရောက်ရှိနေသည်ဟု ခံစားနေရသည်။ ထိုသို့ရောက်ရှိခြင်းသည် တရားထူးရရှိရန် ခက်ခဲမှုကို ဖော်ပြနေကြောင်း နားလည်ခဲ့သည်။  ဆရာတော်သည် စိတ်ကို ဆက်လက်စုစည်းကာ ဝါတွင်းကာလကို တရားအားထုတ်ခြင်းဖြင့် ကုန်ဆုံးခဲ့သည်။ တရားဆက်လက်အားထုတ်ရင်း ပိုမို၍ တရားအဆင့် မြင့်လာခဲ့သည်။ သီတင်းဝါလကျွတ်ပြီးနောက် ဝပ်ဘန်ပလာကျောင်းတိုက် (Wat Bangpla) သို့ တရားအားထုတ်နည်း သင်ကြားပြသပေးရန် ခရီးထွက်ခဲ့သည်။ သင်ကြားမှု လေးလအတွင်း အရှင်စံဝမ်၊ အရှင်ဘင်းနှင့် အရှင်ကွမ်  (Venerable Sangvarn, Venerable Baen and Venerable Oam) ဟူသော ရဟန်းတော် သုံးပါးနှင့် လူပုဂ္ဂိုလ် လေးဦး ဓမ္မကာယကို ရရှိခဲ့သည်။

ဝပ်ပါနမ်ကျောင်းထိုင်ဆရာတော် ဖြစ်လာခြင်း

ဆရာတော်သည် ရဟန်းအဖြစ်ကို ကြီးမားသော ရည်ရွယ်ချက်ဖြင့် ဝင်ရောက်လာခဲ့သူ ဖြစ်သည်။ လူအများစုက ဆရာတော်၏ဘွဲ့ကို ပို၍သိကြသည်။ ၁၉၁၆ ခုနှစ်တွင် ဝပ်ပါနမ်ကျောင်းထိုင်ဆရာတော် အဖြစ် လက်မှတ်ရေးထိုးလွှဲအပ်ထားပြီး ၁၉၂၀ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ ကျောင်းထိုင်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဝပ်ပါနမ်ကျောင်းတိုက်သို့ ရောက်လာချိန်တွင် ကျောင်းတိုက်သည် စွန့်ပစ်ကျောင်းတိုက်ကဲ့သို့ ဖြစ်နေခဲ့သည်။ ကျောင်းတိုက်ကို ပြန်လည်ပြုပြင်ပြီး ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များကို လေ့ကျင့်သင်ကြားပေးသည်။ ရဟန်းတော်များနှင့် ကိုရင်သာမဏေများကို ဝိနည်းစည်းကမ်းများကို လေးစားလိုက်နာရန် တင်းကြပ်စွာ ကြပ်မတ်ပေးသည့်အပြင် တရားအားထုတ်ရန်လည်း သင်ပြပေးသည်။ “သမ္မာအရဟံ” ဂုဏ်တော်ကို ရွတ်ဖတ်ပူဇော်၍ စိတ်ကို တည်ငြိမ်အောင်၊ စိတ်ကို ဝမ်းဗိုက်အလယ်တွင်ရှိသော တရားအမှတ် ၇ မှာ တည်ရှိအောင် ရှုမှတ်အားထုတ်ရန် သင်ပြပေးတော်မူသည်။ စိတ်ကို မြတ်ဗုဒ္ဓအပေါ်တွင် အာရုံပြ၍ တရားအားထုတ်ခြင်းသည် လွန်စွာ အကျိုးကျေးဇူးများသည်။ ဆရာတော်မှ “စိတ်ကို မြတ်ဗုဒ္ဓဆီသို့ အာရုံပြ၍ ထားခြင်းသည် သတိအားကောင်းစေတယ်။ တောက်ပစေတယ်။ သန်မာစေတယ်။ တရားထိုင်ချင်စိတ်ကိုလည်း တိုးပွါးလာစေတယ်” ဟု ရှင်းပြဖူးသည်။ ဤသို့ ရွတ်ဖတ်ပူဇော်ခြင်းသည် ဗုဒ္ဓဘာသာတို့အတွက် အလွန်ကောင်းသော အကျင့်မြတ် တစ်ခုဖြစ်သည်။ ထို့အပြင် ဆရာတော်သည် ထိုအချိန်က လောကီကျောင်းများတွင် ဓမ္မနှင့် ပါဠိဘာသာများ သင်ကြားနိုင်ရန်လည်း ထည့်သွင်းပြဌာန်းနိုင်ရန် ဆောင်ရွတ်ခဲ့သည်။ ဝပ်ပါနမ်ကျောင်းတိုက်သည် တဖြည်းဖြည်း ပြန်လည်နလန်ထူလာခဲ့သည်။ တရားအားထုတ်လာကြသော ယောဂီတို့မှာလည်း တဖြည်းဖြည်း တိုးပွါးများပြားလာခဲ့သည်။ ရဟန်းဝတ်သူများလည်း များပြားလာခဲ့သည်။

ဗုဒ္ဓသာသနာတော်တွင် ဆရာတော်၏ အရေးပါမှု

ဓမ္မကာယသည် အလွန်အရေးပါသော စကားလုံးဖြစ်သည်။ ထေရဝါဒ၊ မဟာယာန၊ ဝဇိရာယာန ပိဋကတ်တော်၏ နေရာများစွာတွင် ဖော်ပြထားသည်။ ဥပမာအားဖြင့် မြတ်ဗုဒ္ဓသည် ကိုရင်ဝါသေဌ (Vasettha) ကို အောက်ပါအတိုင်း မိန့်တော်မူခဲ့ဖူးသည်။

“တထာဂတဿ ဧတံ ဝါသေဋ္ဌဒ္ဓိ ဝစနံ ဓမ္မကာယောတိပိ….”

“ချစ်သား ဝါသေဌ ဓမ္မကာယဆိုတဲ့ စကားဟာ တထာဂတနဲ့ အဓိပ္ပါယ် အတူတူပဲ”

“ဓမ္မကာယ”ဟူသော စကားလုံးကို အစောပိုင်းကာလတွင် လူသားတို့သည့် မိမိနယ်ပယ် အသီးသီးကိုလိုက်၍ ဘာသာပြန်ဆိုကြသည်။ ၁၉၁၇-ခုနှစ် တော်သလင်းလပြည့်နေ့သို့ မရောက်ခင်ကာလအထိ တိတိကျကျ သိရှိနားလည်သူဟူ၍ မရှိခဲ့ပေ။ “ဓမ္မကာယ”ကို ဆရာတော်ဦးမွန်ခွန်ထေရ်မုနိ ရရှိပြီးနောက်မှသာ တိပိဋကတ်စာပေများနှင့် ရှေးကျသော ဗုဒ္ဓဘာသာစာပေများတွင် ဖော်ပြထားသော “ဓမ္မကာယ” ၏ အဓိပ္ပါယ်ကို “တရားရသော ခန္ဓာကိုယ်”ဟု ရှင်းရှင်းလင်းလင်း သိရှိခွင့်ရခဲ့သည်။ ထို့ကြောင့် ၁၉၁၇-ခုနှစ် တော်သလင်းလပြည့်နေ့သည် ဓမ္မကာတရား ပြန်လည်ထွန်းကားလာသည့် နေ့ရက်ဖြစ်သည်။

ဆရာတော်သည် တရားအားထုတ်နည်း နည်းစနစ်များကို အသေးစိတ်, စနစ်တကျ, တစ်ဆင့်ချင်း အခြေခံတရားအားထုတ်သူတို့အား လွယ်လွယ်ကူကူ အားထုတ်နိုင်ရန် သင်ကြားပြသပေးတော်မူခဲ့သည်။ ထိုသို့ အခြေခံကျကျ သင်ကြားပေးသောကြောင့် များစွာသောလူတို့သည် တရားအားထုတ်၍ တရားအဆင့်မြင့်ကို ရရှိခဲ့ကြသည်။ ယခင်က ထိုင်းနိုင်ငံဗုဒ္ဓသာသနာတော်သည် လွန်စွာမကျယ်ပြန့်သော်လည်း ဆရာတော်၏ တရားပို့ချမှု ဂုဏ်သတင်းမှာ အနောက်နိုင်ငံတွေထိအောင်ပင် ပြန့်နှံ့သွားခဲ့သည်။ များစွာသော နိုင်ငံခြားသားများသည် ဝပ်ပါနမ်ကျောင်းတိုက် (Wat Paknam) သို့ လာရောက်၍ တရားအားထုတ်ခဲ့ကြသည်။ ရဟန်းဝတ်ခဲ့ကြသည်။

ဆရာတော်သည် ကိုယ်တိုင်ကြိုးစား၍ တရားအားထုတ်ခဲ့သည့်အပြင် ထူးချွန်သော တပည့်များဆီသို့ ဓမ္မကာယတရားအားထုတ်နည်းနှင့် ဓမ္မကာယအသိဉာဏ်ပညာကို ကမ္ဘာလောကသားတွေ အားလုံးသိမြင် အားထုတ်နိုင်ရန် ဆက်လက်ဖြန့်ဝေရန် လက်ဆင့်ကမ်းတော်မူခဲ့သည်။

ဓမ္မကာယတရားအားထုတ်နည်း ပြန့်ပွါးခြင်း

ဆရာတော် ပျံလွန်တော်မူပြီးနောက် ချန်ခနွန်ယွန်အမည်ရှိသော ထူးချွန်ထက်မြတ်သော ခွန်ယိုင်(ဖွားဖွားဆရာကြီး)ဟု လူသိများသော တပည့်မတစ်ယောက်သည် တရားတော်များကို ပြန်လည်ပို့ချသည်။ ခွန်ယိုင်(ဖွားဖွားဆရာကြီး)၏ တပည့်များစွာမှ နောင်တွင် ဆရာတော်ဓမ္မဇယောဖြစ်လာမည့် ချိုင်ယာဘွန်အမည်ရှိသော အထက်တန်းကျောင်းသား တစ်ယောက်လည်း ပါဝင်ခဲ့သည်။ ချိုင်ယာဘွန်သည် “ဓမ္မကာယ”ကို ရသည်အထိ ခွန်ယိုင်၏ နည်းပေးလမ်းညွှန်မှုဖြင့် အားထုတ်ခဲ့သည်။ ဆရာတော်ဓမ္မဇယောသည် ကိုယ်တွင်းငြိမ်းချမ်းမှုကို ရရှိပြီးသည့်နောက် တရားဓမ္မများကို ပြန့်ပွါးစေလိုသော ရည်ရွယ်ချက်ဖြင့် လူသားအားလုံးကိုလည်း ကိုယ်ငြိမ်းချမ်းမှု, ပျော်ရွှင်ခြင်းသုခကို ရရှိစေလိုသော ဆန္ဒရှိခဲ့သည်။ ထိုဆန္ဒဖြင့် နောင်တွင် ဓမ္မကာယကျောင်းတိုက်ကြီး၏ ပန်းတိုင်သည် “ကိုယ်တွင်းငြိမ်းချမ်းခြင်းမှ ကမ္ဘာမြေငြိမ်းချမ်းမှုရရှိစေရန်” ဖြစ်လာခဲ့သည်။

ဓမ္မကာယပညာကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော ဆရာတော်ဘုရားကြီးအား သတိရခြင်း

နှစ်စဥ် တော်သလင်းလပြည့်နေ့သည် ဓမ္မကာယပညာကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော ဆရာတော်ဘုရားကြီးအား အောက်မေ့သတိရသောနေ့အဖြစ် သတ်မှတ်ကာ ကမ္ဘာတစ်လွှားမှ တပည့်သာဝကများသည် “ဓမ္မကာယဉာဏ်ပညာကို ပြန်လည်ရှာဖွေ၍ ဗုဒ္ဓသာသနာကို ပြန့်ပွါးစေသော ဆရာတော်ကြီး”ကို ကုသိုလ်ကောင်းမှုများ စုပေါင်းပြုလုပ်၍ ပူဇော်ကြသည်။ ယခုနှစ်တွင် ဆရာတော်အား ကျေးဇူးဆပ်သော အမှတ်တရနေ့သည် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သည်။  ကမ္ဘာတစ်လွှားမှ ဓမ္မကာယ‌ကျောင်းတိုက်ခွဲများ၊ တပည့်တကာတကာများ၊ ပြည်တွင်းပြည်ပရဟန်းတော်များ စုပေါင်း၍ ဝပ်ပါနမ်ဆရာတော်ဘုရားကြီး (ဦးမွန်ခွန်ထေရ်မုနိ) ကို “ဓမ္မစကြာရွတ်ဖတ်ပူဇော်ခြင်း၊ တရားထိုင်ခြင်း၊ မေတ္တာဓာတ်များ ဖြန့်ဝေပေးပို့ခြင်း” တို့ဖြင့် ကျေးဇူးဆပ်အခမ်းအနားကို ZOOM Online ဖြင့် စုပေါင်းပြုလုပ်မည်ဖြစ်၍ ဓမ္မမိတ်ဆွေများကိုလည်း တက်ရောက်ပါဝင်ဖို့ ဖိတ်ခေါ်ပါသည်။ ဘေးအန္တရာဘအပေါင်းမှ လွတ်မြောက်စေရန်၊ ငြိမ်းချမ်းမှုကို ရရှိစေရန် အားလုံးအတူတူ စုပေါင်း၍ ကုသိုလ်ပြုခွင့်ရသည့် အခွင့်အရေးကြီးတစ်ရပ် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။