ဝိသာခပူဇာ‌ဒေး (ကဆုန်လပြည့်ဗုဒ္ဓနေ့ )

ဝိသာခပူဇာဒေးသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ထူးမြတ်သော နေ့ရက်ဖြစ်သည်။ ဝိသာခပူဇာနေ့ (ခ) ဗုဒ္ဓနေ့တွင် ဗုဒ္ဓဘာသာဝင်တို့သည် မြတ်ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးနှင့် သတ္တဝါတို့အပေါ် ထားရှိသော ကြီးမားလှသော မေတ္တာတရားကို အောက်မေ့သတိရသောအားဖြင့် အထူးစုဝေးကြသည်။ ဝိသာခပူဇာဒေး (ခ) ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ ဖွားမြင်တော်မူသောနေ့, ဘုရားဖြစ်တော်မူသောနေ့, ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ ဖြစ်သည်။ ထူးခြားဖြစ်စဥ် ၃ရပ်လုံးသည် ကဆုန်လပြည့်နေ့မှာပင် ဖြစ်ခဲ့ကြသည်။

ဗုဒ္ဓဘုရား (ဂေါတမဗုဒ္ဓ) သည် မည်သူနည်း?

 

မြတ်ဗုဒ္ဓ၏ လူနာမည်မှာ “သိဒ္ဓတ္ထ”ဖြစ်သည်။ အမျိုးအနွယ်မှာ သကျမျိုးနွယ်ဖြစ်သည်။ ကပိလဝတ်ပြည်ကို အစိုးရသော သုဒ္ဓေါဓနဘုရင်ကြီး၏ သားတော်ဖြစ်သည်။ မယ်တော်မှာ ကောလိယမျိုးနွယ်ဖြစ်ပြီး “သီရိမဟာမာယာ” အမည်ရှိ၏။

မင်းသားသိဒ္ဓတ္ထသည် အရွယ်ရောက်လာသည့်အခါ လောကီဥစ္စာများကို စွန့်လွှတ်၍ ကိလေသာအနှောင်အဖွဲ့တို့မှ လွတ်မြောက်ကြောင်းတရား, ဆင်းရဲဒုက္ခတို့ ကင်းလွတ်ကြောင်း သစ္စာတရားကို ရှာဖွေတော်မူသည်။ စစ်မှန်သော ပျော်ရွှင်ခြင်း (တနည်း) စစ်မှန်သော ငြိမ်သက်အေးချမ်းခြင်းကိုရရှိရန် ကြိုးစားအားထုတ်ခဲ့သည်။

သိဒ္ဓတ္ထမင်းသားသည် သူအို, သူနာ, သူသေတို့ကို မြင်တွေခဲ့ရသောနေ့တွင် သူကိုယ်တိုင်လည်း အိုခြင်းဆင်းရဲ, နာခြင်းဆင်းရဲ, သေခြင်းဆင်းရဲတို့နှင့် ရင်ဆိုင်ရမည်ကို နားလည်သဘောပေါက်ခဲ့သည်။ ဘဝရှိနေသေးသမျှ ကြုံတွေနေရမည့် ဒုက္ခဆင်းရဲတို့ကို အဆုံးသတ်ချင်စိတ် ဖြစ်လာခဲ့သည်။ ရသေ့တစ်ပါးကို မြင်လိုက်သည့်အခါ သံသရာဝဋ်ဆင်းရဲ (ဒုက္ခခပ်သိမ်း)မှ လွတ်မြောက်ကြောင်း နည်းလမ်းရှိသည်ကို နားလည်ကာ တောထွက်ရန် ဆုံးဖြတ်၍ တောထွက်ခဲ့သည်။ ဆင်းရဲဒုက္ခတို့မှ လွတ်မြောက်ကြောင်း အမှန်တရား(သစ္စာတရား)ကို ရှာဖွေကျင့်ကြံအားထုတ်၍ နောက်ဆုံးတွင် သဗ္ဗညုတဉာဏ်ကို ရရှိတော်မူပြီး ဘုရားအဖြစ်ကို ရောက်ရှိခဲ့သည်။

မြတ်ဗုဒ္ဓသည် စံထားထိုက်သည့် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ စံနမူနာ ထားထိုက်သော ဇွဲလုံ့လရှိတော်မူသည်။ လောကတွင် ဗုဒ္ဓဘုရား ပွင့်ထွန်းလာရခြင်းသည် လောကသားတို့အတွက် တန်ဖိုးမဖြတ်နိုင်သော အကျိုးတရားကြီး ဖြစ်သည်။ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးသည်မှစ၍  ၄၅-နှစ်တာ ကာလပတ်လုံး လောကအကျိုး, လူသားအကျိုးကို သယ်ပိုးဆောင်ရွတ်တော်မူခဲ့သည်။ လောကလူသားတို့ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်စေရန်၊ စစ်မှန်သော အေးချမ်းခြင်းကို ရရှိဖို့ရန် ကြိုးပမ်းဆောင်ရွက်တော်မူခဲ့သည်။

သိဒ္ဓတ္ထမင်းသားဖွားမြင်သည့်သတင်းသည် ချက်ချင်းပျံနှံ့သွားခဲ့သည်။ သုဒ္ဓေါဓနမင်းကြီးနှင့် ရင်းနှီးကျွမ်းဝင်သော ကာဠဒေဝီလရသေ့သည်လည်း ထိုသတင်းကို ကြားသိပြီး မင်းသားလေးကို လာရောက်ကြည့်ရှုခဲ့သည်။ မင်းသားလေးကို မြင်လိုက်သည့်အခါ ကာဠဒေဝီလရသေ့မှ “ဒီမင်းသားလေးဟာ မုချဧကန် ဘုရားဖြစ်လိမ့်မယ်။ လောကသားတို့အပေါ် မေတ္တာ၊ဂရုဏာထားကာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းကို သင်ကြားပြသပေးလိမ့်မယ်။” ဟု ဟောကိန်းထုတ်ကာ မင်းသားလေး၏ ခြေတော်အစုံကို ဦးခိုက်ရှိခိုးလေသည်။ ထို့နောက်မှာ ဘုရင်ကြီး သုဒ္ဓေါဓနသည်လည်း မင်းသားလေးကို အရိုအသေ ပေးလိုက်သည်။ သုဒ္ဓေါဓနဘုရင်မင်းကြီးသည် ပညာရှိအမတ် ၈ယောက်ကိုခေါ်ကာ မင်းသားလေး၏ အနာဂတ်ကို တွက်ချက်စေသည်။ ပညာရှိအမတ် ၇ယောက်၏ ဟောကိန်းမှာ “လူ့ဘဝမှာနေလျှင် စကြာမင်းဖြစ်လိမ့်မည်။ သံသရာမှ လွတ်မြောက်ကြောင်းအကျင့်ကို ကျင့်မည်ဆိုလျှင် ဘုရားဖြစ်လိမ့်မည်” ဟူ၍ ဖြစ်သည်။ အငယ်ဆုံး ကောဏ္ဍညအမတ်သည် “ဤမင်းသားလေးသည် မုချဧကန် ဘုရားဖြစ်လိမ့်မည်” ဟု ဟောကိန်းထုတ်သည်။

ဖွားမြင်တော်မူခြင်း

မြတ်ဗုဒ္ဓ၏ မယ်တော်ြဖစ်သော, သုဒ္ဓေါဓနမင်းကြီး၏ မိဖုရားဖြစ်သော ‘သီရိမဟာမာယာ’သည် တော်ဝင်မိသားစုတို့၏ ထုံးတမ်းစဥ်လာအရ ကလေးမီးဖွားရန် ကပိလဝတ်နေပြည်တော်မှ သူမ၏မိဘများရှိရာ ကောလိယနေပြည်တော်ကို  ပြန်လာခဲ့သည်။ အိမ်အပြန်လမ်းခုလတ်၊ လုဗ္ဗိနီအင်ကြင်းဥယျာဥ်, သာလာသစ်ပင်အောက်တွင် ခေတ္တခဏ နားကြသည်။ ထိုစဥ် ‘သီရိမဟာမာယာ’သည် မတ်တပ်ရပ်လျက်, သစ်ကိုင်းတို့ကို လက်ဖြင့် ဆွဲထားလျက်ပင် သိဒ္ဓတ္ထမင်းသားလေးကို ဖွားမြင်ခဲ့သည်။ မင်းသားလေးကို ဖွားမြင်ခဲ့သောနေ့သည် ကဆုန်လပြည့်နေ့ ဖြစ်သည်။ ဖွားမြင်ပြီး ၅ရက်အကြာတွင် မင်းသားလေးအား “လူသားတို့၏ အလိုခပ်သိမ်းကို ပြီးငြိမ်းစေတတ်သူ” ဟု အဓိပ္ပါယ်ရသော “သိဒ္ဓတ္ထကုမာရ” အမည်ကို ပေးခဲ့သည်။

ပရိနိဗ္ဗာန် စံတော်မူခြင်း

ဘုရားဖြစ်တော်မူပြီးနောက် သက်တော် ၈၀ထိအောင် ၄၅ နှစ်တာ ကာလပတ်လုံး တရားတော်တို့ကို ဟောကြားပို့ချခဲ့သည်။ သက်တော် ၈၀, ကဆုန်လပြည့်နေ့တွင် မဏ္ဌာမင်းတို့၏တိုင်းပြည် ကုသိနာရုံတွင် “ချစ်သားရဟန်းတို့ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိတယ်။ လူသားအကျိုး, မိမိအကျိုးကို အားထုတ်ကြကုန်လော့။ မမေ့မလျော့သော သတိတရားဖြင့် နေရစ်ကြကုန်လော့” ဟူ၍ နောက်ဆုံးသော သြဝါဒစကားကို မိန့်ကြားတော်မူကာ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူသော နေရာသည် ယခုတွင် အိန္ဒိယနိုင်ငံ၊ ကုသိနာဂါဟု အမည်ရှိသော ရပ်ကွက်တွင် တည်ရှိသည်။

မြတ်ဗုဒ္ဓ၏ ဂုဏ်တော်များ

မြတ်ဗုဒ္ဓ၏ ချီးမွမ်းတော်မူထိုက်သော ဂုဏ်တော်များမှာ ထိုးထွင်းသိမြင်ခြင်း, ကြည်လင်သန့်ရှင်းခြင်း၊ မေတ္တာတရားတို့ ဖြစ်သည်။

ထိုးထွင်းသိမြင်ခြင်း _ မြတ်ဗုဒ္ဓ၏ ပညာဉာဏ်တော်သည် အရာအားလုံးတို့ထက် အမြတ်ဆုံး အသာလွန်ဆုံး ဖြစ်သည်။ မြတ်ဗုဒ္ဓသည် သတ္တဝါတို့၏ ဉာဏ်အနုအရင့်နှင့် ဝါသနာတို့ကို သိမြင်တော်မူ၍ သတ္တဝါတို့နှင့် လျော်ညီသော တရားတော်ကို ဟောကြားနိုင်သော အစွမ်းရှိသည်။

ကြည်လင်သန့်ရှင်းခြင်း _ မြတ်ဗုဒ္ဓ၏ မနောစိတ်သည် ကိလေသာတို့ကို ဝါသနာနှင့်တကွ ပယ်သတ်ပြီးသောကြောင့် ကြည်လင်သန့်ရှင်း တောက်ပတော်မူသည်။ မြတ်ဗုဒ္ဓသည် မည်သည့်အခြေအနေတွင်ဖြစ်စေ အေးချမ်းတည်ငြိမ်သော စိတ်ရှိတော်မူသည်။

မေတ္တာတရားတော် _ မြတ်ဗုဒ္ဓသည် သတ္တဝါတို့အပေါ်တွင် မေတ္တာတရားကြီးမားစွာ ထားတော်မူသည်။ လူ့ဘဝတန်ဖိုးကို သင်ကြားတော်မူ၏။ လူသားတို့ စည်းလုံးညီညွတ်စွာ၊ ငြိမ်းချမ်းစွာ ယှဥ်တွဲနေထိုင်နိုင်ရန် တစ်ဦးနှင့်တစ်ဦး အကြင်နာတရားထားရန် ဟောကြားတော်မူ၏။

မြတ်ဗုဒ္ဓ၏ တရားတော်များကို အချက်အားဖြင့် ၃ချက် ခွဲနိုင်သည်။

၁။ မကောင်းမှုကို ရှောင်ကြဥ်ပါ။

၂။ ကောင်းသောအလုပ်ကို ပြုလုပ်ပါ။

၃။ စိတ်ကို ဖြူစင်သန့်ရှင်းအောင် ထားပါ။

မြတ်ဗုဒ္ဓ၏ တရားတော်များသည် တွေးတော, စိတ်ကူးယဥ်နေရုံမျှဖြင့် မရရှိနိုင်ပါ။ လက်တွေ့ ကျင့်ကြံအားထုတ်ပါမှ ရနိုင်သော တရားတော်ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ တရားတော်သည် အချိန်မရွေး, နေရာမရွေး အမြဲတမ်းမှန်ကန်နေသော တရားတော်ဖြစ်သည်။ မည်သူမဆို မြတ်ဗုဒ္ဓဟောညွှန်ပြသည့်အတိုင်း အားထုတ်ကျင့်ကြံလျှင် နိဗ္ဗာန်ပန်းတိုင်သို့ မလွဲဧကန် ရရှိခံစားကြရပါလိမ့်မည်။

မြတ်ဗုဒ္ဓသည် အကောင်းဆုံး ဆရာတစ်ဆူဖြစ်သည်ကို မြတ်ဗုဒ္ဓ၏တရားတော်များနှင့် သတ္တဝါအကျိုး ဆောင်ရွတ်ချက်များက ဖော်ပြနေပါသည်။

တရားအားထုတ်ခြင်း အခြေခံမူများ

ဝိသာခါပူဇာနေ့တွင် ကမ္ဘာအနှံ့မှ ဗုဒ္ဓဘာသာဝင်များ လိုက်နာကျင့်ကြံသင့်သည့် ဗုဒ္ဓဘာသာအခြေခံမူဝါဒများနှင့် တရားအားထုတ်ခြင်းများကို အောက်တွင် ဖော်ပြလိုက်ပါသည်။

 

၁။ ကျေးဇူးဆပ်ခြင်း

ဝိစက်ဒေးနေ့ (ကဆုန်လပြည့်နေ့)သည် လောကလူသားများ အကျိုးအတွက် မဟာလူသားတစ်ဦး (ဗုဒ္ဓဘုရား) မွေးဖွားလာသော နေ့ဖြစ်သည်ကို ဗုဒ္ဓဘာသာဝင်တို့၏ စိတ်ထဲတွင် မှတ်သားထားသင့်သည်။

ကျေးဇူးဆပ်ခြင်းသည် မိမိအပေါ် ကျေးဇူးရှိသူတို့ကို အလေးအနက်ထားခြင်းဖြစ်သည်။ ကျေးဇူးသိမှုကို ဖော်ပြခြင်းသည် ကျေးဇူးဆပ်ခြင်းပင်ဖြစ်သည်။ ပထမဦးဆုံး သင်ကြားပြသပေးသူကို ပါဠိဘာသာမှာ ပုဗ္ဗာစရိ (လက်ဦးဆရာ) ဟု ခေါ်သည်။ ဥပမာ မိဘ, ဆရာသမား။

ဗုဒ္ဓဘာသာတွင် မြတ်ဗုဒ္ဓသည် ပုဗ္ဗာစရိယ (လက်ဦးဆရာ) ဖြစ်သည်။ ဒုက္ခခပ်သိမ်းမှ ကင်းငြိမ်းကြောင်းလမ်းစဥ်ကို ပထမဆုံး ရှာဖွေသိရှိကာ သတ္တဝါတို့ကို ပထမဦးဆုံး သင်ကြားပြသပေးခဲ့သူ ဖြစ်သည်။ “အာမိသပူဇာ” နှင့် “ဓမ္မပူဇာ” တည်းဟူသော ပူဇော်ခြင်း ၂မျိုးဖြင့် ကျေးဇူးဆပ်နိုင်သည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဝိသာခပူဇာနေ့ (ဗုဒ္ဓနေ့) တွင် သာသနာတော် ပြန့်ပွါးရေးလုပ်ငန်းစဥ်တို့ကို လုပ်ကိုင်ဆောင်ရွတ်ခြင်း၊ မြတ်ဗုဒ္ဓ၏တရားတော်များ ကျင့်ကြံအားထုတ်ကြခြင်းတို့ဖြင့် မြတ်ဗုဒ္ဓအား ကျေးဇူးဆပ်ကြသည်။

 

၂။ သစ္စာလေးပါး

ဝိသာခပူဇာဒေး (တနည်း) ကဆုန်လပြည့်နေ့သည် သစ္စာလေးပါးကို မြတ်ဗုဒ္ဓကိုယ်တော်တိုင် သိရှိတော်မူခဲ့သည့် နေ့ဖြစ်သည်ကို ဗုဒ္ဓဘာသာဝင်တို့ သိမှတ်ထားရပါမည်။ သစ္စာလေးပါး (အမှန်တရားလေးပါး)သည် အမြင့်မြတ်ဆုံးသော တရားဖြစ်သည်။ အမြဲတမ်းမှန်ကန်သော မပြောင်းလဲသော တရားလေးပါး ဖြစ်သည်။ သစ္စာလေးပါဆိုသည်မှာ ၁။ ဆင်းရဲခြင်းအမှန်တရား, ၂။ ဆင်းရဲဖြစ်ကြောင်း အမှန်တရား, ၃။ ဆင်းရဲချုပ်ငြိမ်းကြောင်း အမှန်တရား, ၄။ ဆင်းရဲမှ လွတ်မြောက်ကြောင်း အမှန်တရားတို့ ဖြစ်သည်။ (ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာ)။

၂.၁ ဒုက္ခသစ္စာ (ဆင်းရဲခြင်း အမှန်တရား)

မြတ်ဗုဒ္ဓသည် “ဆင်းရဲခြင်းသည် လူသားတိုင်း နေ့စဥ်ဘဝတွင် ကြုံတွေ့နေရသော တရားဖြစ်သည်။” ဟု ဟောတော်မူသည်။ ဒုက္ခသစ္စာဆိုသည်မှာ မွေးဖွားခြင်းဆင်းရဲ, အိုခြင်းဆင်းရဲ, နာခြင်းဆင်းရဲ, သေခြင်းဆင်းရဲ တို့ဖြစ်သည်။ နေ့စဥ်ဘဝတွင် ချစ်ရသောသူတို့နှင့် ခွဲခွဲရခြင်း၊ မချစ်မနှစ်သက်သောသူတို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်း၊ လိုချင်တာကို မရခြင်း အစရှိတဲ့ ဆင်းရဲခြင်း ဒုက္ခတရားများလည်း ပါဝင်ပါသည်။

၂.၂ သမုဒယသစ္စာ (ဆင်းရဲဖြစ်ကြောင်း အမှန်တရား)

သမုဒယသစ္စာသည် ဆင်းရဲဖြစ်ခြင်း၏ အဓိကအကြောင်းဖြစ်သည်။ မြတ်ဗုဒ္ဓသည် ဆင်းရဲရခြင်း၏ အကြောင်းအရင်းမှန်မှာ နှောင်ဖွဲ့တတ်သော သမုဒယတဏှာကြောင့်ဖြစ်သည်ဟု မိန့်တော်မူသည်။

၂.၃ နိရောဓသစ္စာ (ဆင်းရဲမှ လွတ်မြောက်ကြောင်း အမှန်တရား)

ဆင်းရဲခြင်းဒုက္ခကို ချုပ်ငြိမ်းအောင် ကြိုးစားအားထုတ်၍ ရပါသည်။ မြတ်ဗုဒ္ဓ၏ တရားတော်အရ တဏှာကို သုတ်သင်ရှင်းလင်းခြင်းဖြင့် ဒုက္ခတရားအားလုံးသည် ရှင်းလင်းပစ်နိုင်ပါသည်။

၂.၄ မဂ္ဂသစ္စာ (ဆင်းရဲမှ လွတ်မြောက်ကြောင်း အမှန်တရား)

ဆင်းရဲခြင်းဒုက္ခတရားကို ဖယ်ရှား ရှင်းလင်းခြင်းဖြစ်သည်။ မြတ်ဗုဒ္ဓသည် သမ္မာဒိဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္ပန္န, သမ္မာအာဇီဝ, သမ္မာဝါယမ, သမ္မာသတိ, သမ္မာသမာဓိ တည်းဟူသော မဂ္ဂရှစ်ပါးကို (အကျဥ်းချုပ်အားဖြင့် သီလ, သမာဓိ, ပညာ ၃ပါးကို) လိုက်နာကျင့်ကြံခြင်းဖြင့် ဘဝပြဿနာများ, ဆင်းရဲခြင်းဒုက္ခတို့မှ လွတ်မြောက်နိုင်ကြောင်း ဟောကြားထားသည်။

 

၃။ သတိပဌာန်

သတိပဌာန်ဆိုသည်မှာ မပြုလုပ်မီ, မပြောဆိုမီ, မတွေးမီ အကောင်း, အဆိုးကို လေ့လာသုံးသပ် ဆင်ခြင်ခြင်းဖြစ်သည်။ သတိပဌာန်ဆိုသည်မှာ ပြုလုပ်နေဆဲ လက်ရှိအချိန်၌ သတိထားကာ စိတ်ကို တည်ရှိနေစေခြင်းဖြစ်သည်။ သတိပဌာန်ကို မတ်တပ်ရပ်နေစဥ်, လမ်းလျှောက်နေစဥ်၊ ထိုင်နေစဥ်၊ စကားပြောနေစဥ်, အတွေးဖြစ်ပေါ်နေစဥ် အချိန်တိုင်းမှာ ကျင့်ကြံအားထုတ်နိုင်သည်။

မြတ်ဗုဒ္ဓသည် ပရိနိဗ္ဗာန်မပြုမီ သတိပဌာန်တရားကို လက်ကိုင်ထားရန် မှာကြားတော်မူသည်။ “ချစ်သားတို့… ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိတယ်။ မမေ့မလျော့ သတိတရားဖြင့် နေရစ်ကြလော့” ဟူ၍ နောက်ဆုံးသြဝါဒတရားတော် ကဆုန်လပြည့်နေ့တွင် မှာကြားတော်မူခဲ့သည်။

ထို့ကြောင့် သတိတရားသည် အလွန်အရေးကြီးသည်။ မြတ်ဗုဒ္ဓ၏ တရားတော်အားလုံးကို အနှစ်ချုပ်လျှင် သတိတရားလက်ကိုင်ထားရန် ဖြစ်သည်။

ဝိသာခပူဇာနေ့နှင့် ကမ္ဘာ့ကုလသမ္မဂ္ဂ

၁၉၉၉-ခုနှစ် ဒီဇင်ဘာလ ၁၃-ရက်နေ့၊ ကမ္ဘာ့ကုလသမ္မဂ္ဂတွင် အစည်းအဝေးပွဲကြီးတစ်ရပ်ကျင်းပကာ ဝိစက်ဒေး (ခ) ဝိသာခပူဇာ‌ဒေးကို ကမ္ဘာ့ရုံးပိတ်ရက်အဖြစ် သီရိလင်္ကာနိုင်ငံမှ တင်ပြချက်ကို အတည်ပြုခဲ့ကြသည်။ သီရိလင်္ကာနိုင်ငံသည် ဝိစက်ဒေးကို အထူးနေ့ရက်အဖြစ် သတ်မှတ်ရန် ကမ္ဘာ့ကုလသမ္မဂ္ဂကို တင်ပြတောင်းဆိုသော အဓိကနိုင်ငံဖြစ်သည်။ ထိုသို့တောင်းဆိုရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့ဒေသအသီးသီး၌ရှိကြသော ဗုဒ္ဓဘာသာဝင်များအတွက် ဂေါတမဗုဒ္ဓ ဖွားမြင်တော်မူ၊ ဘုရားဖြစ်တော်မူ၊ ပရိနိဗ္ဗာန်ပြုတော်မူသော ဗုဒ္ဓနေ့တွင် ကောင်းမှုကုသိုလ်များ စုပေါင်းပြုလုပ်နိုင်ရန် ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ ပညာဉာဏ်တော်နှင့် သတ္တဝါတို့အပေါ်ထားရှိသော စေတနာ, မေတ္တာတရားတို့ကို ဂုဏ်ပြုခြင်းလည်း ဖြစ်သည်။ မြတ်ဗုဒ္ဓသည် အခြားသောဘာသာဝင်များကိုလည်း သူတို့ရဲ့ယုံကြည်ရာကို စွန့်လွှတ်စရာမလိုဘဲ မြတ်ဗုဒ္ဓ၏ဓမ္မကို လေ့လာကျင့်ကြံ၍ မှန်ကန်မှ လက်ခံပါဟု တိုက်တွန်းတော်မူသည်။ မြတ်ဗုဒ္ဓသည် သတ္တဝါတို့၏အကျိုးအတွက်သာ တရားတော်များ ဟောကြားပို့ချ, သင်ပြပေးခြင်းဖြစ်သည်။ သူ့အတွက် ပြန်လည်ရလိုခြင်း အလျဥ်းမရှိပေ။

၁၉၈၆ခုနှစ်တွင် ကျရောက်သော ဝိစက်ဒေးနေ့တွင်  ကမ္ဘာ့ကုလသမ္မဂ္ဂ၏ အတွင်းရေးမှုးချုပ်ဟောင်း Javier Perez de Cuellar မှ ဗုဒ္ဓဘာသာဝင်များကို ပြောကြားခဲ့သည်မှာ

“နေရာ‌ဒေသအသီးသီးမှာရှိကြသော ဗုဒ္ဓဘာသာဝင်များခင်ဗျာ! ဂေါတမဗုဒ္ဓရဲ့ မေတ္တာတရားကြီးမားမှု, လူသားအကျိုး ဆောင်ရွတ်ခဲ့မှုများအတွက် ဂေါတမဗုဒ္ဓ ဖွားမြင်ခဲ့တဲ့, ဘုရားဖြစ်ခဲ့တဲ့, ပရိနိဗ္ဗာန်ပြုခဲ့တဲ့နေ့ကို ဗုဒ္ဓနေ့အဖြစ် ကျင်းပခွင့်ရတာဟာ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးဖြစ်တယ်လို့ သတင်းစကား ပြောကြားလိုပါတယ်။

ကမ္ဘာ့ကုလသမ္မဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ အန်တိုနီယို ဂစ်တာရပ် (Mr.António Guterres ) ၏ သဝဏ်လွှာ

ကမ္ဘာတစ်ဝှမ်းမှ သန်းပေါင်းများစွာသော ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်သည့် ဝိစက်ဒေး(ဗုဒ္ဓနေ့)အတွက် ဆန္ဒပြုပြောကြားလိုတာက ရှင်တော်မြတ်ဘုရား ဖွားမြင်, ဘုရားဖြစ်၊ ပရိနိဗ္ဗာန်ပြုခဲ့တဲ့ ဝိစက်ဒေးနေ့ကို ကျွန်တော်တို့အားလုံးဟာ မြတ်ဗုဒ္ဓ၏တရားများကို လိုက်နာကျင့်သုံးခြင်းဖြင့် ကျင်းပနိုင်ပါတယ်။ ကိုဗစ်ကပ်ရောဂါဘေးဒဏ်ကို လူသားမျိုးနွယ်များ ခံစားနေကြရတဲ့ ယခုလိုအချိန်မှာ  မြတ်ဗုဒ္ဓ၏ တရားတော်တစ်ခုကို ဆင်ခြင်အောက်မေ့ကြပါ။ သက်ရှိသတ္တဝါမှန်သမျှတို့သည် နာခြင်းဆင်းရဲ (နာမကျမ်းခြင်း)ကို ခံစားကြရတယ်။ ကျွန်တော်လည်း ထို့အတူ နာခြင်းဆင်းရဲကို ခံစားရပါတယ်။ အရေးအကြီးဆုံးကတော့ စည်းလုံးညီညွတ်ခြင်းနဲ့ တပါးသူအကျိုးကို လိုလားခြင်း ဖြစ်တယ်။ ကိုရိုနာဗိုင်းရပ်ပျံ့နှံ့မှုကို ရပ်တန့်သွားစေဖို့ အားလုံးအတူတူ ဆောင်ရွက်ကြမှ ရပါလိမ့်မယ်။ မြတ်ဗုဒ္ဓဟောကြားသော မေတ္တာတရားကို အားလုံးအတူ လိုက်နာကျင့်သုံး၍ ငြိမ်းအေးသော ကမ္ဘာမြေကြီးကို တည်ဆောက်ကြရင်းဖြင့် ဝိစက်ဒေးကို ကျင်းပကြပါစို့။

 

ဝိသာခပူဇာနေ့နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး

ဗုဒ္ဓဘာသာဝင်တို့သည် သတ္တဝါတို့အပေါ် အကြင်နာ,မေတ္တာ ကြီးမားစွာဖြင့် သံသရာမှ လွတ်မြောက်ကြောင်း လမ်းစဥ်ကို သင်ကြားပြသပေးခဲ့သော မြတ်ဗုဒ္ဓ၏ ကျေးဇူးတော်တို့ကို အစဥ်အမြဲ သတိရကြပါသည်။  အဖိုးထိုက်တန်လှ‌သော မြတ်ဗုဒ္ဓ၏ တရားတော်တို့ကို ယနေ့ထိတိုင်အောင် နေ့စဥ်ကျင့်သုံးလျက်ရှိသည်။

ဝိသာခပူဇာနေ့တွင် ကမ္ဘာတစ်ဝှမ်းမှ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓတရားတော်နှင့်အညီ ကောင်းမှုကုသိုလ်များ ပြုလုပ်၍ ငြိမ်းချမ်းရေးကို တည်ဆောက်ယူကြသည်။ စိတ်စင်ကြယ်အောင်, အေးချမ်းအောင် တရားထိုင်ကြသည်။

စိတ်တည်ငြိမ်အေးချမ်းအောင် တရားအားထုတ်နေစဥ်မှာ တရားအားထုတ်သူတို့သည် စစ်မှန်သော ပျော်ရွှင်ခြင်းကို ထိတွေ့ခံစားကြရပါလိမ့်မည်။ တရားအားထုတ်၍ရရှိသော ပျော်ရွှင်မှုချမ်းသာသည် အပြင်လောကတွင် ရှာဖွေ၍ မတွေ့နိုင်သော ပျော်ရွှင်မှုချမ်းသာ ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပုဂ္ဂိုလ်များ အတူတူ တရားအားထုတ်ကြသည့်အခါ ကိုယ်တွင်းငြိမ်းချမ်းခြင်းကို ရရှိအောင် တရားအားထုတ်ကြမည်။ ထို့နောက် စင်ကြယ်သော ကိုယ်တွင်းစွမ်းအင်များကို စုပေါင်းကာ ခန္ဓာကိုလ်အလယ်မှတ်မှ ဖြစ်ပေါ်လာသော စစ်မှန်သော ပျော်ရွှင်ခြင်းချမ်းသာကို မိမိပတ်ဝန်းကျင်သို့ ဖြန့်ဝေပေးပို့ကြမည်။ ပျော်ရွှင်ခြင်းဆွဲအားဖြင့် ပတ်ဝန်းကျင်မှ သူများကို ဆွဲငင်ခြင်းဖြစ်သည်။ ဤလုပ်ရပ်သည် မိမိပတ်ဝန်းကျင်မှ မိသားစုဝင်များ၊ အဖွဲ့အစည်းများ၊ ကျောင်း, အလုပ်, လူမှုအသိုင်းအဝိုင်းများကို စစ်မှန်သော ပျော်ရွှင်အေးချမ်းခြင်းကို ရရှိစေရန် ပြောင်းလဲခြင်းဖြစ်ပါသည်။

ဓမ္မကာယကျောင်းတိုက်အတွင်းမှ ဝိသာခပူဇာနေ့အစီအစဥ်များ

ဓမ္မကာယကျောင်းတိုက်တွင် သတ္တဝါတို့အပေါ်ထားရှိသော မြတ်ဗုဒ္ဓ၏ မေတ္တာ, ဂရုဏာ, ဂုဏ်တော်, ကျေးဇူးတော်တို့ကို အောက်မေ့သတိရသောအားဖြင့် ဝိသာခပူဇာနေ့ အခမ်းအနားကို နှစ်စဥ်ကျင်းပပါသည်။ ယခုနှစ်တွင်လည်း ကျင်းပမည်ဖြစ်ပါသည်။ ဝိသာခပူဇာနေ့တွင် နံနက်နှင့် နေ့လည်ပိုင်း အချိန်တို့၌ ဆွမ်းလောင်းလှူခြင်း၊ သီလဆောက်တည်ခြင်း၊ တရားနာခြင်း၊ တရားအားထုတ်ခြင်း အစရှိသော ကောင်းမှုကုသိုလ်တို့ကို ပြုလုပ်ကြမည် ဖြစ်ပါသည်။

ညနေပိုင်းတွင် ထောင်ပေါင်းများစွာသော ရဟန်းသာမဏေများနှင့် လူပုဂ္ဂိုလ်များသည် ကမ္ဘာ့နေရာဒေသ အသီးသီးမှ ZOOM ဖြင့် ပူပေါင်းပါဝင်ကြမည်။ ပါဝင်တက်ရောက်လာသူ တစ်ဦးချင်းစီ၏ ဗွီဒီယိုရုပ်ဖိုင်ကို ဓမ္မကာယကျောင်းတိုက်အတွင်းရှိ မဟာဓမ္မကာယစေတီတော်ရင်ပြင်ရှိ LED မီးဆိုင်းဘုတ်ကြီးပေါ်တွင် တိုက်ရိုက်ပြသထားမည် ဖြစ်ပါသည်။

မြတ်ဗုဒ္ဓဟောကြားခဲ့သော သြဝါဒပါတိမောက်ကိုလည်း ရွတ်ဖတ်ကြမည် ဖြစ်ပါသည်။ သြဝါဒပါတိမောက်တရားတော်သည် ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ကိုရရှိစေရန် ပထမဦးဆုံး တရားတော်ဖြစ်သည်။ အံ့သြဖွယ်ရာ ဝိသာခပူဇာနေ့တွင် ရတနာသုံးပါးတို့အား ဖယောင်းတိုင်ဆီမီးဖြင့် ပူဇော်ကြမည်ဖြစ်ပါသည်။ ZOOM ဖြင့် ပါဝင်ကာ အတူတကွ တရားထိုင်ကြမည်။ တစ်ဦးနှင့်တစ်ဦး ဆုတောင်း မေတ္တာပို့သကြမည်။ ဆုမွန်ကောင်း တောင်းကြမည်။

စိတ်ငြိမ်းအေးမှု ရရှိလာသည့်အခါ ဒုက္ခခပ်သိမ်းမှ ကင်းဝေးစေရန်၊ ကိုဗစ်ကပ်ရောဂါဘေးကြီးမှ လွန်မြောက်နိုင်စေရန်၊ စစ်မှန်သော ပျော်ရွှင်ခြင်း၊ စစ်မှန်သော ငြိမ်းအေးခြင်းတို့ကို ရရှိစေရန် မိမိတို့၏ မိသားစုဝင်များ, သူငယ်ချင်းများ, ဆွေမျိုးများနှင့် ကမ္ဘာတဝှမ်းမှ ပုဂ္ဂိုလ်အသီးသီးထံ မေတ္တာဓာတ်များ ပေးပို့ကြပါမည်။

 

ဝိသာခပူဇာဒေး ( ကဆုန်လပြည့်ဗုဒ္ဓနေ့ )
*************************************
စုပေါင်းတရားထိုင်ခြင်းနှင့် ဆီမီးပူဇော်ခြင်း
. တနင်္ဂနွေနေ့၊ မေလ ၁၅ရက်၊  ၊ ၂၀၂၂ ခုနှစ်
.ဓမ္မကာယကျောင်းတိုက်၊ ထိုင်းနိုင်ငံ

 

အခမ်းအနား အစီအစဥ် (မြန်မာစံတော်ချိန်)

နံနက် ၉ နာရီမှ ၁၀ နာရီ ခွဲအထိ – တရားထိုင်အခမ်းအနား။

——————

နေ့လည် ၃ နာရီမှ  ၃ နာရီ ၄၅ မိနစ်အထိ – တရားထိုင်အခမ်းအနား။

——————

ညနေ ၆ နာရီ ခွဲ – ဘုရားရှိခိုးခြင်း၊ ဆီမီးထွန်းညှိခြင်း၊

                          တရားထိုင်ခြင်း။

 

၇ နာရီ ၀၀ မိနစ် – ကမ္ဘာတစ်လွှားမှ ZOOM ဖြင့် တက်ရောက်လာကြသော သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်များ၊ ဘိက္ခုနီများ၊ လူပုဂ္ဂိုလ်များ စုပေါင်း၍ ပရိတ်ရွတ်ဖတ်ပူဇော်ခြင်း။

၇ နာရီ ၄၀ မိနစ် – အဓိဋ္ဌာန်ပြုဆုတောင်းခြင်းနှင့် မေတ္တာပို့ခြင်း

 ၈ နာရီ ၀၀ မိနစ် – အခမ်းအနား ပြီးဆုံးခြင်း။

ဓမ္မစကြာဒေသနာတော်ကို အကြိမ်ရေ ၄,၃၆၃,၀၀၀,၀၀၀ ပြည့်အောင် ရွတ်ဖတ်ပူဇော်မည်။

မည်သူမဆိုပါဝင် ကုသိုလ်ယူကြပါရန် ဖိတ်ခေါ်ပါသည်။

– Link : zoom072.com/aec/3

– ID :  851 5505 2487

Passcode : 072