ဝါဆိုနေ့

ဝါဆိုနေ့၏ အရေးကြီးပုံ

         

             ဝါဆိုနေ့ဆိုသည်မှာ ဝါတွင်းကာလ၏ ပထမဦးဆုံးသောနေ့ (တနည်း) ဝါဆိုလဆန်း (၁) ရက်နေ့ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ကျော်က ရဟန်းတော်များအတွက် မြတ်ဗုဒ္ဓချမှတ်ခဲ့သည့် နေ့ဖြစ်သည်။ ဝါဆိုလဆန်း (၁) ရက်နေ့တွင် ရဟန်းသံဃာတော်များသည် “ဝါဆိုလပြည့်​ကျော် ၁ ရက်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ ဝါတွင်းသုံးလ ကာလပတ်လုံး သတ်မှတ်ထားသည့်နေရာ (သို့) ကျောင်းတိုက်၌သာ သတင်းသုံးပါမည်” ဟု အဓိဌာန်ပြုကြရသည်။ (တနည်း) ဝါဆိုကြရသည်။ ၂၀၂၁-ခုနှစ်၏ ဝါဝင်သောနေ့မှာ ဂျူလိုင်လ ၂၅ရက်နေ့တွင် ကျရောက်ပါသည်။ ဝါတွင်းကာလတွင် ရဟန်းသံဃာတော်များသည် မြတ်ဗုဒ္ဓခွင့်ပြုထားသော အကြောင်းအရာ, ကိစ္စရပ်များမှလွဲ၍ အခြားသော အရပ်ဒေသသို့ ညအိပ်ညနေ သွားခွင့်မရှိပေ။

ဝါဆိုသောနေ့ သမိုင်း

         

 

          ထိုင်းလူမျိုးတို့သည် ဝါဆိုသောနေ့ကို (တနည်း) ဝါဆိုလဆန်း ၁ ရက်နေ့ကို “Khai Pansa” ဟု ခေါ်ဝေါ်ကြသည်။ မိုးရာသီကာလဖြစ်သော ဝါတွင်းကာလ၌ ဗုဒ္ဓဘာသာ ရဟန်းတော်များသည် သက်ဆိုင်ရာ ကျောင်းတိုက်နှင့် ထိုကျောင်းတိုက်၏ အနီးတဝိုက်၌သာ သီတင်းသုံးနေထိုင်ကြရသည်။ အခြားသော အရပ်ဒေသသို့ ညအိပ်ညနေ ခရီးသွားခွင့်မရှိပေ။
          မြတ်ဗုဒ္ဓသည် ဝါတွင်းကာလကို ဆိုင်ရာကျောင်းတိုက်၌သာ သီတင်းသုံးနေထိုင်ရန် ဝိနည်းစည်းကမ်းကို ချမှတ်ခဲ့ခြင်းမှာ အကြောင်းရှိပါသည်။ ရွာသားများက ၎င်းတို့စိုက်ပျိုးထားသော စိုက်ပျိုးပင်များ ပျက်စီးရခြင်းမှာ မိုးရာသီကာလတွင် ရဟန်းတော်များ ခရီးသွားကြခြင်းကြောင့် ဖြစ်သည်ဟု ပြစ်တင်ကဲ့ရဲ့ကြ၏။ မြတ်ဗုဒ္ဓသည် ရဟန်းတော်များ ခရီးသွားရင်း မတော်တဆ ပျိုးပင်များပေါ် တက်နင်းမိသည်ကို သိတော်မူ၏။ ထို့ကြောင့် မိုးရာသီကာလဖြစ်သော ဝါတွင်းသုံးလကို ကျောင်းတိုက်တစ်ခု၌သာ သီတင်းသုံးရမည်ဟု ဝိနည်းစည်းကမ်း ချမှတ်ခဲ့သည်။
          သို့သော် နေမကောင်းသော ရဟန်းများကို သို့မဟုတ် မိဘကို ပြုစုစောင့်ရှောက်ရန် ကိစ္စရှိလာလျှင်၊ သာသနာရေးဆိုင်ရာ ကိစ္စများ ဆောင်ရွက်ရန် ရှိလာလျှင် ဝါတွင်းကာလ၌ ခရီးသွားခွင့် ရှိပါသည်။ မိမိသီတင်းသုံးရာ ကျောင်းတိုက်မှ ထွက်ခွါ၍ ခရီးသွားခွင့် ရှိပါသည်။ သို့သော်လည်း မိမိသတင်းသုံးရာ ကျောင်းတိုက်သို့ ၇-ရက်အတွင်း ပြန်လည်ရောက်ရှိရန် လိုအပ်သည်။

ဗုဒ္ဓဘာသာရဟန်းတော်များအတွက် ဝါဆိုနေ့၏ အရေးပါပုံ

             

             ဝါဆိုလဆန်း (၁) ရက်နေ့သည် (တနည်း) ဝါဆိုနေ့သည် ရဟန်းတော်များ နေဒဏ်, မိုးဒဏ်, မုန်းတိုင်းဒဏ်တို့မှ ကာကွယ်ပေးသော နေရာတစ်ခု (သို့မဟုတ်) ကျောင်းတိုက်တစ်ခု၌သာ သီတင်းသုံးပါမည်ဟု အဓိဌာန်ပြု၍ ဝါဆိုသောနေ့ဖြစ်သည်။ ဝါတွင်းကာလသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အောက်ဖော်ပြပါ အချက်များကို လုပ်ဆောင်ရန် အရေးကြီးပါသည်။
             ပထမအချက် – မြတ်ဗုဒ္ဓချမှတ်ထားသော ဝိနည်းစည်းကမ်းအရ ဒေသစာရီ လှည့်လည်သွားလာနေသော ရဟန်းတော်များသည် ဝါတွင်းကာလ၌ နေရာတစ်နေရာတွင်သာ သီတင်းသုံးကြရသည်။ ထို့ကြောင့် ဤဝါတွင်းကာလ၌ ရဟန်းတော်များသည် မြတ်ဗုဒ္ဓ၏ တရားဓမ္မများကို လေ့လာသင်ယူ၍ ရဟန်းတော်အချင်းချင်း ဓမ္မအသိဉာဏ်များကို ဆွေးနွေးဖလှယ်ခွင့် ရရှိခြင်း။
             ဒုတိယအချက် – ဝါတွင်းကာလသည် ရဟန်းတော်များအတွက် တရားအားထုတ်ခြင်း၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်း၊ ကိလေသာအညစ်ကြေးများကို ပယ်သတ်ခြင်းတို့ဖြင့် စိတ်စင်ကြယ်အောင် (သန့်ရှင်းစင်ကြယ်အောင်) ပြုလုပ်နိုင်သည့် အခွင့်အရေး ရရှိခြင်း။
             တတိယအချက် – ရဟန်းတော်များသည် တရားဓမ္မများကို နက်နက်နဲနဲ သိမြင်နိုင်သော ပိဋကတ်သုံးပုံကို ဆက်လက်လေ့လာသင်ယူခွင့် ရရှိခြင်း။ သီတင်းဝါလ ကျွတ်သောအခါ တပည့်ဒါယကာ, ဒါယိကာမများအား ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြောင်း၊ ဆင်းရဲဒုက္ခများမှ လွတ်မြောက်ကြောင်း တရားဓမ္မ,အသိပညာများ သင်ကြားပို့ချပေးနိုင်ခြင်း။
             စတုတ္ထအချက် – ရဟန်းတော်များအချင်းချင်း မိတ်ဆွေကောင်းဖြစ်ရန် အခွင့်ရေး ရရှိခြင်း။ ဗုဒ္ဓဘာသာ သာသနာတိုးတက်ရေး ခရီးလမ်းသည် မလွယ်ကူပါ၊ အတားအဆီး များစွာရှိသည်။ ထို့ကြောင့် အချို့ရဟန်းတော်များသည် စိတ်ပျက်အားငယ်လာနိုင်ပါသည်။ ထိုအခါ ရဟန်းတော်အချင်းချင်း တစ်ပါးနှင့်တစ်ပါး အားပေးစကား ပြောကြားပေးရန် အရေးကြီးပါသည်။
             အထက်တွင်ဖော်ပြခဲ့သော ရဟန်းတော်များအတွက် စိတ်စင်ကြယ်ရန်၊ တရားဓမ္မများကို  လေ့လာသင်ယူရန်၊ ၂၂၇သွယ်သော သိက္ခာပုဒ်တို့ကို လိုက်နာကျင့်သုံးရန်၊ သာသနာတော် ကြီးပွားတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွတ်ရန်နှင့် အတွင်းအဇ္ဈတ္တ ငြိမ်းအေးခြင်းမှ ကမ္ဘာမြေ ငြိမ်းချမ်းမှု ရရှိစေရန် စသော အချက်များကြောင့်  ဝါတွင်းကာလသည် အရေးကြီးသည်။

လူပုဂ္ဂိုလ်တို့အတွက် ဝါဆိုနေ့၏ အရေးပါမှု

             

 

 

 

              ယခင်ကတည်းက ဗုဒ္ဓဘာသာတို့သည် ဝါဆိုပြီဆိုလျှင် “ဝါတွင်းသုံးလ၌ မကောင်းသော အမှုကိစ္စတို့ကို အထူးရှောင်ကြဥ်၍ နေထိုင်ပါမည်, မိမိ၏ အကျင့်စရိုက်ဆိုးများကို ပြုပြင်နေထိုင်ပါမည်” ဟု အဓိဌာန်ပြုကြသည်။ ဥပမာအားဖြင့် အရက်သောက်တတ်သူသည် “ဤဝါတွင်းကာလ၌ အရက်ဖြတ်ပါမည်” ဟု အဓိဌာန်ဝင်ကြသည်။ ဆေးလိပ်သောက်သူတို့ကား ဆေးလိပ်ဖြတ်၍ အဓိဌာန်ဝင်ကြသည်။
              ဝါတွင်းကာလ၌ ဗုဒ္ဓဘာသာဝင်တို့သည် မကောင်းမှုကို ရှောင်ကြဥ်၍ ကောင်းမှုကုသိုလ်ကို ပြုလုပ်ကြမည်ဟု အဓိဌာန်ပြုကြသည်။ ဥပမာ ဝါမဝင်ခင်က တစ်ခါတရံသာ ဆွမ်းလောင်းလှူတတ်သူသည် ဝါတွင်းသုံးလ ကာလပတ်လုံး နံနက်ခင်းတိုင်း ဆွမ်းလောင်းလှူမည်ဟု အဓိဌာန်ပြုကာ လောင်းလှူကြသည်။
              နောက်ဥပမာတစ်ခုမှာ သာမာန်အားဖြင့် ငါးပါးသီလ စောင့်ထိန်းသူသည် ဝါတွင်းကာလ၌ ဥပုသ်သီလဖြစ်သော ရှစ်ပါးသီလကို စောင့်ထိန်းလာကြသည်။ တစ်ပတ် တစ်ကြိမ်ဖြစ်သော ဥပုသ်နေ့များ၌ ရှစ်ပါးသီလကို စောင့်ထိန်းသူသည် ဝါတွင်းကာလ၌ တပတ်လျှင် နှစ်ကြိမ် စောင့်ထိန်းလာကြသည်။ အချို့ဆိုလျှင် ဝါတွင်းသုံးလ ကာလပတ်လုံး ဥပုသ်သီလ စောင့်ထိန်းနေထိုင်ကြသည်။ တစ်ဦးနှင့် တစ်ဦး ယုံကြည်ချက်, အားသာချက် မတူသောကြောင့် အဓိဌာန်ဝင်ပုံမှာလည်း မတူကြပေ။ ရှစ်ပါးသီလ စောင့်ထိန်းမှုအပြင် ဝါတွင်းကာလ၌ နေ့စဥ် သို့မဟုတ် ညစဥ်၊ တစ်နာရီ, နှစ်နာရီ, သုံးနာရီ စသည်ဖြင့် အသီးသီး တရားထိုင်ပါမည်ဟုလည်း အဓိဌာန်ပြုကြသည်။ ဤသည်မှာ ရှေးလူကြီးများ အစဥ်အဆက် ကျင့်သုံးခဲ့ကြသည့် နည်းဖြစ်သည်။
              ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူတို့သည် ဝါတွင်းကာလ၌ တရားဓမ္မများကို လေ့လာသင်ယူကြသည်။ သီလစောင့်ထိန်းလာကြသည်။ တရားအားထုတ်လာကြသည်။ တခါတုန်းက ဆရာတော် ဓမ္မဇယောမှ “သန့်ရှင်းပြီး စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်ဟာ ဝါတွင်းကာလမှာ တရားအားထုတ်ချင်စိတ်ကို နှိုးဆွပေးတယ်” ဟု အမိန့်ရှိတော်မူဖူးသည်။
              ထို့ကြောင့် ဝါတွင်းကာလ၌ စစ်မှန်သော ငြိမ်းချမ်းခြင်းကို ရရှိရန် တရားအားထုတ်ကြဖို့ အခွင့်အရေးကို ရအောင်ယူကြပါ။

ကုသိုလ်တို့နှင့်ပြည့်နေသော ဝါဆိုနေ့ - ခန္ဓာကိုယ်အလယ်မှတ်၌ စိတ်တည်ငြိမ်စွာ ရှိနေခြင်း

           

             အထက်၌ ဝါဆိုနေ့၏ အရေးပါပုံနှင့် သမိုင်းကြောင်းကို လေ့လာခဲ့ပြီး ဖြစ်သည်။ မိုးရာသီသုံးလ ကာလပတ်လုံး ဝါဆိုရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရဟန်းသာမဏေများနှင့် လူပုဂ္ဂိုလ်များအတွက် ခန္ဓာကိုယ် ဝမ်းဗိုက်အလယ်မှတ်, ရှုမှတ်စိတ် တည်ရှိရာ အမှတ်-၇၌ စိတ်တည်ငြိမ်စွာ ရှိနေစေရန် (တရားအားထုတ်ရန်) ဖြစ်သည်။
             ဤဝါတွင်းကာလ၌ အတွင်းစိတ် ငြိမ်းအေးခြင်း, ပျော်ရွှင်ခြင်း သုခချမ်းသာအစစ်ကို ရရှိအောင် ဝမ်းဗိုက်အလယ်မှတ်တွင် စိတ်တည်ငြိမ်စွာ တည်ရှိနေအောင် အားထုတ်ပါ။
             ဝါတွင်းကာလပတ်လုံး နိဗ္ဗာန်ရောက်ကြောင်း အလယ်အလတ်ကျင့်စဥ် ကျင့်သုံးရန် လမ်းမှန်, နေရာမှန်ဖြစ်တဲ့ ခန္ဓာကိုယ်ဝမ်းဗိုက်အလယ်မှတ်မှာ စိတ်တည်ငြိမ်အောင် အားထုတ်ရမယ်။ စိတ်ကို နေ့ရော ညပါ ခန္ဓာကိုယ်ဝမ်းဗိုက်အလယ်မှတ်မှာ တည်ငြိမ်အောင် ထားနိုင်တယ်ဆိုရင် ဒါဟာ အမှန်တကယ် တန်ဖိုးရှိတဲ့ ဝါတွင်းဖြစ်သွားတယ်။ဆရာတော် ဓမ္မဇယော 
                                                                                                                         

ဓမ္မကာယကျောင်းတိုက်အတွင်း လုပ်ငန်းစဥ်များ

         

 

 

            ဝါဆိုနေ့တွင် ဗုဒ္ဓဘာသာဝင်တို့သည် ဆွမ်းလောင်းလှူခြင်း၊ တရားနာခြင်း၊ တရားအားထုတ်ခြင်း စသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြသည်။ လောကီလူသားတို့သည် ဘုန်းတော်ကြီးကျောင်းများသို့ သွားကာ ဆွမ်း, သင်္ကန်း, ဆေး, ပန်း, နံ့သာတိုင်, ဖယောင်းတိုင် စသော လိုအပ်ရာပစ္စည်းများကို လှူဒါန်းကြသည်။ ဤသည်မှာ ကြီးမားသော ကုသိုလ်ပြုနည်းဖြစ်သည်။
            ဝါဆိုလဆန်း ၁ ရက်နေ့သို့ ရောက်ပြီဆိုလျှင် ဗုဒ္ဓဘာသာဝင်တို့သည် မကောင်းမှုများကို ရှောင်ကြဥ်မည်ဟု အဓိဌာန်ဝင်ကြသည်။ လူပုဂ္ဂိုလ်များသည် ရဟန်းတော်များကို စံအဖြစ်ထားကာ ကောင်းစွာ ကျင့်ကြံနေထိုင်ကြသည်။ မကောင်းသော အကျင့်များကို ပြုပြင်နေထိုင်ပါမည်ဟုလည်း အဓိဌာန်ပြုကြသည်။ ဥပမာ အရက်သောက်တတ်သူသည် ဝါတွင်းကာလ၌ အရက်ကို ရှောင်ကြဥ်ပါမည်ဟု အဓိဌာန်ပြုကြသည်။ ဆေးလိပ်သောက်သူသည် ဆေးလိပ်ဖြတ်မည်ဟု အဓိဌာန်ပြုကြသည်။
            ဝါတွင်းကာလ၌ ဗုဒ္ဓဘာသာဝင်တို့သည် မကောင်းမှုများကို ရှောင်ကြဥ်၍ ကောင်းမှုများကို တိုး၍လုပ်ဆောင်ကြမည်ဟု အဓိဌာန်ဝင်ကြသည်။ သာဓကအားဖြင့် ယခင်က စနေ, တနင်္ဂနွေနေ့မျိုး၊ အဖိတ်, ဥပုသ်နေ့မျိုးတို့တွင်သာ အလှူဒါနများကို ပြုလုပ်လေ့ရှိသူသည် ဝါဝင်လာလျှင် နံနက်ခင်းတိုင်း ရဟန်းသံဃာတော်များကို ဆွမ်းလောင်းမည်ဟု အဓိဌာန်ပြု၍ လောင်းလှူလာကြသည်။
            အရေးကြီးဆုံးမှာ လူပုဂ္ဂိုလ်တို့သည် စိတ်စင်ကြယ်သန့်ရှင်းအောင် ဝါတွင်းသုံးလ ကာလပတ်လုံး တရားအားထုတ်ကြမည်ဆိုလျှင် စိတ်သည် ပိုမိုကြည်လင်လာ၍ ပျော်ရွှင်ခြင်း-သုခချမ်းသာအစစ်၊ ငြိမ်းချမ်းခြင်းအစစ်ကို ရရှိကြမည်မှာ မလွဲဧကန်ဖြစ်သည်။ ဘဝအောင်မြင်မှု၊ တိုးတက်မှု၊ တောက်ပမှုများဆီသို့လည်း ခေါ်‌ဆောင်သွားပါလိမ့်မည်။