ကထိန်သင်္ကန်းကပ်လှူပွဲ

မွန်မြတ်ကြီးမားသောအလှူ

 ကထိန်ရာသီပွဲတော် 

ကထိန်သင်္ကန်းကပ်လှူခြင်း အခမ်းအနားသည် ဗုဒ္ဓဘာသာဝင်တို့၏ အထင်ရှားဆုံး ရိုးရာတစ်ခုဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်၊ မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဥ် ကာလမှစ၍ ဗုဒ္ဓဘာသာဝင်တို့သည် ဤကထိန်ကာလတွင် ကထိန်သင်္ကန်းကပ်လှူရန်အတွက် နီးစပ်ရာ ဘုန်းကြီးကျောင်းများသို့ နှစ်စဥ်နှစ်တိုင်း သွားရောက်ကုသိုလ်ပြုကြသည်။

ကထိန်ပွဲကို ဝါတွင်းကာလအကုန် သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ အချိန်တစ်လအတွင်း ကျင်းပရသည်။ ဘုန်းကြီးကျောင်းတိုက်တစ်တိုက်လျှင် ကထိန်တစ်ခုသာ လက်ခံခွင့်ရှိသည်။ ဝါတွင်းကာလသည် သံဃာတော်တို့ တရားမှတ်ရန်၊ တရားအလုပ် ကျင့်ကြံအားထုတ်နိုင်ရန် တစ်နေရာတည်းတွင်သာ(ကျောင်းတိုက်တစ်တိုက်၌သာ) သတင်းသုံးရသည့် ကာလဖြစ်သည်။ ဝါတွင်းကာလ၌ ရဟန်းတော်များ တရားအားထုတ်ခြင်းသည် လူပုဂ္ဂိုလ်တကာ တကာမတို့၏ ရဟန်းသံဃာတော်တို့အပေါ် ကြည်ညိုစိတ်, ကုသိုလ်စိတ်ကို တိုးပွါးစေသည်။

ဗုဒ္ဓဘာသာဝင်တို့သည် “အလှူခံပုဂ္ဂိုလ်၏ အကျင့်သီလဖြူစင်လေ အလှူအကျိုး ပိုများလေ” ဟု ခံယူထားသောကြောင့် ဝါတွင်းသုံးလပတ်လုံး တရားအလုပ် ကျင့်ကြံအားထုတ်ခဲ့သော ရဟန်းတော်တို့ကို ဝါကျွတ်ကာလတွင် ကထိန်သင်္ကန်း ကပ်လှူကြသည်။ ကထိန်သင်္ကန်းကပ်လှူခြင်းသည် အလွန်မွန်မြတ်သော ဒါနကုသိုလ် ဖြစ်၏။ ထို့ကြောင့် ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံအပါအဝင် အခြားဗုဒ္ဓဘာသာနိုင်ငံများတွင် ကထိန်သင်္ကန်းကပ်လှူပွဲသည် ထင်ရှားသော အခမ်းအနားပွဲ တစ်ခုဖြစ်လာသည်။

 ကထိန်သင်္ကန်းကပ်လှူခြင်း၏ သမိုင်းနောက်ခံ 

မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်၌ သတင်းသုံးနေတော်မူစဉ် ဘဒ္ဒဝဂ္ဂီရဟန်းသုံးကျိပ်တို့သည် မြတ်စွာဘုရားကို ဖူးမြော်ရန် ပါဝါမြို့မှ ခရီးထွက်လာကြသည်။ ထိုဘဒ္ဒဝဂ္ဂီရဟန်းသုံးကျိပ်တို့သည် ဝါတွင်း ၃လပတ်လုံး သာဝတ္ထိမြို့မှ ၉၆ ကီလိုမီတာခန့်ဝေးသော သာကေတမြို့တွင် ဝါကပ်တော်မူပြီးနောက် ဝါကျွတ်သည့်အခါ မြတ်စွာဘုရားကို ဖူးမြော်ရန် ထွက်ခွာလာကြသည်။ ထိုအချိန်တွင် မိုးကြီးသည် သည်းထန်စွာ ရွာသွန်းလေသည်။ ထို့ကြောင့် လမ်းများသည် မိုးရေကြောင့် ရွှံ့များပြည့်နေ၍ သွားလာရန် အတော်ခက်ခဲပါသည်။ ဇေတဝန်ကျောင်းတော်သို့ရောက်သောအခါ ရဟန်းတော်များသည် ဟောင်းနွမ်းစုတ်ပြဲ၍ ရွှံ့များဖုံးလွှမ်းနေသော သင်္ကန်းတို့ဖြင့်သာ မြတ်စွာဘုရားကို ဖူးမြော်ကြရသည်။

မြတ်ဗုဒ္ဓသည် ရဟန်းတော်တို့၏ ဟောင်းနွမ်းသော သင်္ကန်းအခြေအနေကို တွေ့ရှိပြီးနောက် ဝါတွင်းသုံးလ ဝါဆိုသော သံဃာတို့သည် ဒါယိကာ ဒါယိကာမတို့ကပ်လှူသော သင်္ကန်းကို အလှူခံခွင့် (ကထိန်ခင်းခွင့်) ရှိသည်ဟု ပညတ်တော်မူခဲ့သည်။ ဤအချိန်မှစ၍ ကထိန်သင်္ကန်းကပ်လှူပွဲ ဖြစ်ပေါ်လာခဲ့ပြီး ယနေ့ထိတိုင်အောင် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ 

 ကထိန်သင်္ကန်းကပ်လှူခြင်း အကျိုး 

ကထိန်သင်္ကန်းကပ်လှူသော အလှူရှင်နှင့် ပါဝင်လှူဒါန်းကြသူများသည် မြတ်သောကုသိုလ်အကျိုးကို ရရှိခံစားကြရမည်။ ဝိနည်းပိဋကတ်တော်အရ ကထိန်သင်္ကန်းကို လက်ခံရရှိသော သံဃာသည်လည်း အလားတူ အကျိုးတရားများကို ရရှိပါသည်။ ကထိန်သင်္ကန်းကပ်လှူသော လူပုဂ္ဂိုလ်များနှင့် အလှူခံ ရဟန်းသံဃာတော်များ ရရှိသည့် အကျိုးတရားတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ မှန်ကန်သော အမြင်၊ ဂုဏ်၊ ကျော်ကြားခြင်းတို့နှင့်အတူ ချမ်းသာသော မိသားစု၌ ပြန်လည်မွေးဖွားလာရခြင်း။

၂။ ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်နှင့်အတူ ပြန်လည်မွေးဖွားလာရခြင်း။

၃။ ကြည်လင်တောက်ပသော အသားအရေ၊ ထက်မြတ်ပြီး ချမ်းမြေ့သော စိတ်နှင့်အတူ ပြန်လည်မွေးဖွားလာရခြင်း။

၄။ ဆင်းရဲပင်ပန်းစွာ မရှာဖွေရဘဲ စည်းစိမ်ဥစ္စာ ချမ်းသာကြွယ်ဝခြင်း။ 

၅။ ထိုစည်းစိမ်ချမ်းသာကို ကုသိုလ်ပြု၍ နောင်ဘဝသံသရာအတွက် ကောင်းစွာအသုံးချနိုင်ခြင်း။ 

၆။ ယခုဘဝမှ လွန်မြောက်သော် သုဂတိဘုံ၌သာ လားရောက်ရခြင်း။

 ဘာကြောင့် ကထိန်သင်္ကန်းကပ်လှူခြင်းသည် ကြီးမားသော ကောင်းကျိုးရပါသလဲ။ 

ကထိန်သင်္ကန်းကပ်လှူခြင်းသည် အခြားသောကုသိုလ်များထက် ပို၍မြတ်သော အကျိုးတရားကို ရရှိပါသည်။ အကြောင်းမှာ အောက်ပါ သတ်မှတ်ချက်များကြောင့် ဖြစ်သည်။

၁။   အချိန်သတ်မှတ်ချက်။ ကထိန်သင်္ကန်းကို ဝါတွင်းကာလ ပြီးဆုံးသည့်ရက်မှစ၍ တစ်လအတွင်း၌သာ ဆပ်ကပ်ခွင့်ရှိခြင်းသည် သတ်မှတ်ထားသော အချိန်ကာလ အပိုင်းအခြား ဖြစ်သည်။

၂။   လှူဒါန်းမှုသတ်မှတ်ချက်။ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းသည် ရဟန်းတစ်ပါးအတွက်သာ မဟုတ်ဘဲ သံဃာအားလုံးကို  ရည်မှန်းပြီး လှူဒါန်းရသည်။

၃။   အကြိမ်ရေ သတ်မှတ်ချက်။ ဘုန်းကြီးကျောင်းတစ်ကျောင်းသည် တစ်နှစ်လျှင် တစ်ကြိမ်သာ ကထိန်ခင်းခွင့် (ကထိန်သင်္ကန်းအလှူခံခွင့်) ရှိသည်။

၄။   အလှူခံကျောင်းတိုက် သတ်မှတ်ချက်။ ကထိန်သင်္ကန်းကို လက်ခံသော ဘုန်းကြီးကျောင်းသည် ဝါဆိုသံဃာ အနည်းဆုံး ၅ ပါးရှိရမည်။ ထိုသံဃာ ၅ပါးသည် ကထိန်သင်္ကန်းကို အတူတကွ အလှူခံရသည်။

၅။   တိကျသော အချိန်သတ်မှတ်ချက်။ ၎င်းကထိန်သင်္ကန်းကို သံဃာတော်များက ကထိန်ခင်း​ပေးမည့် သံဃာတော်အား
ရွေးချယ်ပီး မြင့်မြတ်သော သိမ်တော်ထဲတွင် ဥတ်ကမ္မဝါစာ​ဖြင့် ရွတ်ဖတ်ပြုလုပ်​ပေးခြင်းကို ကထိန်ခင်းသည်ဟုခေါ်၏။ ကထိန်သက်န်းအား ယနေ့အလှူခံပြီးလျှင် ယနေ့ပင်ကံဆောင်၍ ယနေ့ကထိန်ခင်းရ၏။ ညလွန် /နောက်နေ့ကူး၍မရပါ။

၆။   လှူဒါန်းမှု သတ်မှတ်ချက်။ အပေါ် ဝတ်ရုံ သင်္ကန်း (ဧကသီ)၊ ခါးဝတ်သက်န်း (သင်းပိုင်)၊ခြုံထည်ကြီး/နှစ်ထပ်သင်္ကန်း (ဒုကုဋ်) စသော  သင်္ကန်းသုံးမျိုးတွင် တမျိုးမျိုးဖြင့် ကထိန်သင်္ကန်း ခင်းနိုင်ပါသည်။ 

၇။   မြတ်ဗုဒ္ဓ၏ ဆန္ဒ။ ကထိန်သင်္ကန်းကို အလှူခံခွင့်သည် ရှင်တော်မြတ်ဘုရား၏ ကိုယ်တော်တိုင်ဆန္ဒဖြင့် ပညတ်ခဲ့ခြင်း ဖြစ်သည်။ ဝါဆိုသင်္ကန်း အစရှိသော အခြားသော သင်္ကန်းအလှူခံခွင့်သည် လူပုဂ္ဂိုလ်များမှ တောင်းဆိုသောကြောင့် ပညတ်ခဲ့ရသော အလှူမျိုး ဖြစ်သည်။ 

၈။   အထူးကုသိုလ်။ ကထိန်သင်္ကန်း၏ ထူးခြားချက်မှာ လှူဒါန်းသူရော အလှူခံပုဂ္ဂိုလ်ပါ အကျိုးတရားကို ရရှိခြင်းဖြစ်သည်။

ကထိန်သင်္ကန်းသည် လှူဒါန်းသူနှင့် အလှူခံပုဂ္ဂိုလ်တို့အတွက် ထူးခြားသော အကျိုးတရားများ ရရှိသည်ကို တွေ့နိုင်ပါသည်။ ထို့အပြင် ကထိန်ပွဲကျင်းပသော ကျောင်းအတွက်လည်း ကြီးမားသော အကျိုးကျေးဇူးကို ရရှိပါသည်။ ကထိန်ပွဲအခမ်းအနားသည် ကြီးကျယ်ထင်ရှားသောကြောင့် ကျောင်းတိုက်ပြုပြင် ထိန်းသိမ်းစားရိတ်အတွက် အသုံးပြုနိုင်သည့် အခြားသော အလှူငွေများကိုလည်း ရရှိစေသည်။ ထိုအလှူငွေများသည် ကျောင်းတိုက်နေ ရဟန်းသံဃာတော်များနှင့် တရားအားထုတ်ရန်၊ဓမ္မစာပေများလေ့လာရန် လာရောက်ကြသော လူပုဂ္ဂိုလ်တို့အတွက် အထောက်အပံ့ဖြစ်စေသည်။

 ဓမ္မကာယကျောင်းတိုက်၌ ကထိန်သင်္ကန်းကပ်လှူပွဲ အစီအစဥ် 

ဓမ္မကာယကျောင်းတိုက်တော်၏ ကထိန်သင်္ကန်းကပ်လှူပွဲကို သာသနာသက္ကရာဇ် ၂၅၆၄ – ခုနှစ် (၂၀၂၁ ခုနှစ်) ၊ အောက်တိုဘာလ ၁၉ရက်၊ သောကြာနေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ ယခင်နှစ်များ၌ နိုင်ငံတဝှမ်းတွင်သာမက ကမ္ဘာတဝှမ်းမှ ဘာသာတရားကိုင်းရှိုင်းသူတို့သည် ဤအခမ်းအနားသို့ ပါဝင်ဆင်နွှဲကြပါသည်။ ယခုနှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် ကထိန်သင်္ကန်းကပ်အခမ်းအနားကို Zoom မှတဆင့် တိုက်ရိုက် Live ဖြင့် ကျင်းပသွားမည် ဖြစ်ပါသည်။ ကမ္ဘာတဝှမ်းမှ မည်သူမဆို မိမိတို့အိမ်မှ ဖုန်း၊ကွန်ပျူတာ အစရှိသော အီလက်ထရောနစ်ကင်မရာကို ဖွင့်ရုံဖြင့် အခမ်းအနားကို တက်ရောက်နိုင်ပါသည်။ Live ထုတ်လွှင့်ပြသနေချိန်တွင် ကျောင်းတိုက်၏ LED မီးဆိုင်းဘုတ်ပေါ်တွင် အခမ်းအနားသို့ ပါဝင်လာကြသူများကို တိုက်ရိုက်ပြသသွားမည် ဖြစ်သည်။ ထို့ကြောင့် အခမ်းအနားကို လူကိုယ်တိုင် တက်ရောက်ပါဝင်သကဲ့သို့ စည်းလုံးခြင်း ခံစားချက်ကို ဖန်တီးပေးပါလိမ့်မည်။ ပါဝင်ဆင်နွှဲသူတို့၏ ကုသိုလ်နှင့် ကိုယ်တွင်းငြိမ်းချမ်းမှုသည် တစ်ဦးတစ်ယောက်ချင်းစီ၏ အကျိုးကို ဖြစ်စေပြီး ကမ္ဘာလုံးဆိုင်ရာ ပြဿနာများဖြေရှင်းရာတွင် အထောက်အကူဖြစ်စေမည်။ သင်၏မိတ်ဆွေများကိုလည်း ဤအခမ်းအနားသို့ ပါဝင်တက်ရောက်ရန် နှိုးဆော်ဖိတ်ကြားနိုင်ပါသည်။