အာသာဠှပူဇာနေ့

ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်

ဓမ္မကာယ‌ကျောင်းတိုက်၊ ထိုင်းနိုင်ငံ

မှတ်ချက် ။ ။ တရားဦးဓမ္မစကြာကို ဟောကြားသော ဝါဆိုလပြည့်နေ့ကို မြန်မာပြည်သူတို့က “ဓမ္မစကြာအခါတော်နေ့” ဟု ခေါ်ဝေါ်ကြသည်။ ထိုင်းနိုင်ငံ, သီရိလင်္ကာနိုင်ငံ အစရှိသော အခြားသော ဗုဒ္ဓဘာသာနိုင်ငံတို့တွင်ကား ပါဠိစာပေ၌လာသော အာသာဠှမာသ (အာသာဠှနက္ခတ်နှင့် ယှဥ်သောလ) ကို အစွဲပြု၍ အာသာဠှပူဇာဒေး (Asalha Puja Day) ခေါ်ဝေါ်ကြသည်။

အာသာဠှပူဇာနေ့၏ ထူးခြားလက္ခဏာများ

(ဓမ္မစကြာအခါတော်နေ့၏ ထူးခြားလက္ခဏာများ)

အာသာဠှပူဇာနေ့ (ခေါ်) ဓမ္မစကြာအခါတော်နေ့သည် ဗုဒ္ဓဘာသာတို့အတွက် အရေးပါသည့်, အရေးကြီးသည့်နေ့ရက် တစ်ရက်ဖြစ်သည်။ ဝါဆိုလပြည့်နေ့၌ အာသာဠှပူဇာဒေး (ခေါ်) ဓမ္မစကြာအခါတော်နေ့ကို ကျင်းပကြသည်။ မြတ်ဗုဒ္ဓလက်ထက်တော်အခါက ဝါဆိုလပြည့်နေ့တွင် အောက်ပါထူးဆန်းဖြစ်ရပ် လေးခုဖြစ်ခဲ့သည်။

(ဝါဆိုလပြည့်နေ့ကို ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့တွင် အာသာဠှပူဇာဒေးဟူ၍ ခေါ်ဝေါ်၍ မြန်မာပြည်တွင် ဓမ္မစကြာအခါတော်နေ့ဟု ခေါ်ဝေါ်ကြသည်။ ၂၀၂၁-ခုနှစ်တွင် အာသာဠှပူဇာနေ့ (ခေါ်) ဓမ္မစကြာအခါတော်နေ့ကို မြန်မာပြည်တွင် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျရောက်ပြီး ထိုင်းနိုင်ငံနှင့် သီရိလင်္ကာတို့တွင် ဇူလိုင် ၂၄ ရက်နေ့တွင် ကျ‌ရောက်သည်။)

၁။  တရားဦးဓမ္မစကြာကို ဟောတော်မူသောနေ့

ဗာရာဏသီပြည်အနီး ဣသိပတနမိဂဒါဝုန်တောအုပ်တွင် ပဥ္စဝဂ္ဂီငါးဦးကို တရားဦးဓမ္မစကြာကို ‌ဟောကြားတော်မူခဲ့သည့်နေ့ဖြစ်သည်။။ (ယခုအခါ အိန္ဒိယနိုင်ငံ၊ ဝါရာနစီ (Varanasi), ဂင်္ဂါမြစ်နံဘေး)

၂။ ပထမဆုံးသော (ဗုဒ္ဓဘာသာဝင်) တပည့်ကို ရရှိသောနေ့

တရားဦးဓမ္မစကြာကို ဟောကြားပြီးသည်၏အဆုံးတွင် အရှင်ကောဏ္ဍညသည် သောတာပတ္တိဖိုလ်သို့ ရောက်ရှိခဲ့သောနေ့ဖြစ်သည်။

၃။ ပထမဆုံး သံဃာရတနာ ဖြစ်ပေါ်သောနေ့

သောတာပန်ဖြစ်ပြီးသည့်နောက် အရှင်ကောဏ္ဍညသည် မြတ်ဗုဒ္ဓအထံ ရဟန်းပြုခွင့်ကို တောင်းပန်ခဲ့ကာ ပထမဆုံးသော ဧဟိဘိက္ခုရဟန်း ဖြစ်လာခဲ့သည်။ အရှင်ကောဏ္ဍညသည် သံဃာရတနာတွင် ပထမဆုံးဖြစ်လာခဲ့သော သံဃာရတနာသည်။

၄။ ဘုရား၊ တရား၊ သံဃာ တည်းဟူသော “သုံးပါးရတနာ” ပြည့်စုံစွာ ဖြစ်ပေါ်လာသောနေ့

သတ္တဝါတို့အကျိုးအတွက် တရားတော်များကို ဟောကြားပို့ချပေးတော်မူသော သမ္မာသမ္ဗုဒ္ဓ-မြတ်စွာဘုရားရတနာ၊ ပဥ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာတရားဦးကို စတင်ဟောကြားခြင်းဖြင့် တရားရတနာ၊ အရှင်ကောဏ္ဍညသည် ဧဟိဘိက္ခုရဟန်းဖြစ်လာသောကြောင့် “သံဃာရတနာ” ဟူ၍ ရတနာသုံးပါး စုံလင်စွာ ဖြစ်ပေါက်လာသောနေ့ဖြစ်သည်။ (ပစ္စေကဗုဒ္ဓဘုရားရှင်တို့သည် သိမြင်ထားသော တရားတော်တို့ကို အခြားသောသူတို့အား ပြန်လည်ဟောကြားတော် မမူပါ။)

ဝါဆိုလပြည့်နေ့သမိုင်း

ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် မြတ်ဗုဒ္ဓသည် ဗောဓိပင်ဝန်းကျင်တွင် သတ္တာသတ္တဟ စံတော်မူ၏။ (၇ရက်-၇လီ-စံတော်မူ၏)။ ထို့နောက် မြတ်ဗုဒ္ဓသည် သိမြင်တော်မူထားသော တရားတော်တို့ကို သတ္တဝါအများအား ဟောကြားရန် သင့်, မသင့်ကို ဆင်ခြင်တော်မူ၏။ ညစ်နွမ်းနေသော စိတ်ရှိသော လူသားတို့အဖို့ ခက်ခဲနက်နဲသော တရားတော်တို့ကို နားလည်ရန် မလွယ်ကူပေ။

မြတ်ဗုဒ္ဓသည် သံသရာထဲတွင် ရှိနေကြသော သတ္တဝါအများ၏ ပုံစံအမျိုးမျိုးကို ရှိသည်ကို သိရှိတော်မူသည်။ အချို့က ကိလေသာအညစ်အကြေးကြားမှာ ပျော်မွေ့နေကြသည်။ အချို့က ကိလေသာအညစ်အကြေး နည်းနည်းတော့ ကင်းစင်ကြသည်။ အချို့က ကိုယ်ကျင့်သီလ ကောင်းမွန်ကြသည်။ အချို့က သီလတရား အားနည်းကြသည်။ အချို့မှာ ဆုံးမရလွယ်ပြီး အချို့မှာ ဆုံးမရ ခက်ခဲသူများ ဖြစ်ကြသည်။

မြတ်ဗုဒ္ဓသည် သတ္တဝါတို့ကို အဆင့်သုံးဆင့်ရှိသော ကြာပန်းနှင့် ဥပမာပေးထား၏။ ပထမအဆင့် – ရေအောက်အနက်ကြီးတွင် ရှိနေပြီး ဖူးပွင့်ရန် စွမ်းအားမရှိသော ကြာပန်း။ ဒုတိယအဆင့် – ရေမျက်နှာပြင်အနီးတွင်ရှိပြီး ဖူးပွင့်ရန် လွယ်ကူသော ကြာပန်း။ တတိယအဆင့် – ရေမျက်နှာပြင်ပေါ်တွင် အချိန်မရွေး ဖူးပွင့်လာနိုင်သော ကြာပန်း။ သင်ကြားပြသ ဆိုဆုံးမရန် ခက်ခဲသောသူကို ရေနက်ထဲတွင်ရှိသော ကြာပန်းနှင့် ဥပမာပေးသည်။ သင်ကြားပြသ ဆိုဆုံးမရန် လွယ်ကူသောသူကို ရေမျက်နှာပြင်ပေါ်ရှိ ကြာပန်းနှင့် ဥပမာပေးသည်။

မြတ်ဗုဒ္ဓသည် ရှေးကအလုပ်အကျွေးပြုခဲ့ဖူးသော ပဥ္စဝဂ္ဂီငါးဦးအပေါ် အနှိုင်းမဲ့မေတ္တာတော်ဖြင့် ၎င်းတို့၏ သံသယများကို ဖြေရှင်းပေးရန် ဣတိပတနမိဂဒါဝုန်တောအုပ်သို့ ခရီးကြွတော်မူသည်။ ပဥ္စဝဂ္ဂီငါးဦးသည် မြတ်ဗုဒ္ဓ၏ ပထမဦးဆုံး ဟောကြားအပ်သော “တရားစက်ဘီးကြီးလည်ပတ်ခြင်း” ဟု အဓိပ္ပါယ်ရသော ဓမ္မစက္ကပဝတ္တနသုတ်တော်ကို နာယူခဲ့ကြသည်။ ဗုဒ္ဓဘာသာတွင် အရေးကြီးသော ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးကို အဓိကဟောကြားထားပါသည်။

တရားတော်၏ အဆုံးတွင် အရှင်ကောဏ္ဍညသည် အရိယာပထမအဆင့် သောတာပန်တည်သည်။ ရဟန်းပြုခွင့်ကို တောင်းပန်ခဲ့ပြီး ဧဟိဘိက္ခုရဟန်း ဖြစ်လာသည်။ ဤတွင် ရတနာသုံးပါး ဖြစ်ပေါ်လာပါသည်။

ဓမ္မစက္ကပဝတ္တနသုတ္တဆိုသည်မှာ

တရားဦးဓမ္မစကြာတွင် မြတ်ဗုဒ္ဓသည် ပဥ္စဝဂ္ဂီငါးဦးအား ရှောင်ကြဥ်ရမည့်အကျင့် နှစ်ပါးကို ဟောကြားတော်မူသည်။ ရှောင်ကြဥ်ရမည့်အကျင့် နှစ်ပါးမှာ

ကာမသုခလ္လိကနုယောဂအကျင့် – အိမ်ယာတည်ထောင် လူ့ဘောင်တွင် လောကီလူသားတို့ မွေ့လျော်နေကြသော ကာမဂုဏ်အာရုံတွင် မွေ့လျော်ခြင်း အကျင့်။

အတ္တကိလမထာနုယောဂအကျင့် – အကျိုးမဲ့ ခန္ဓာကိုယ်ကို ဆင်းရဲပင်ပန်းအောင် ညင်းဆဲနှိပ်စက်ခြင်းအကျင့်။

မြတ်ဗုဒ္ဓသည် သံသရာမှ လွတ်မြောက်ကြောင်း အကျင့်မြတ်,အကျင့်မှန်ဖြစ်သော အလယ်အလတ်ကျင့်စဥ်ကို လိုက်နာကျင့်ကြံရန် တိုက်တွန်းတော်မူသည်။ မဂ္ဂင်ရှစ်ပါးနှင့် သစ္စာလေးပါး လမ်းစဥ်ကို ဆိုလိုခြင်း ဖြစ်သည်။

ထိုမဂ္ဂင်ရှစ်ပါးကို သီလ, သမာဓိ, ပညာ ဟူ၍ အုပ်စုသုံးစု ခွဲခြားနိုင်သည်။ မဂ္ဂင်ရှစ်ပါးဆိုသည်မှာ မှန်စွာမြင်ခြင်း၊ မှန်စွာကြံခြင်း၊ မှန်စွာပြောဆိုခြင်း၊ မှန်စွာအလုပ်လုပ်ခြင်း၊ မှန်စွာအသက်မွေးခြင်း၊ မှန်စွာလုံ့လထားခြင်း၊ မှန်စွာစူးစိုက်ခြင်းတို့ဖြစ်သည်။

အလယ်အလတ်ကျင့်စဥ်ကို အောင်မြင်စွာ ကျင့်ကြံအားထုတ်နိုင်ရန် သစ္စာလေးပါးနှင့် ပတ်သတ်၍လည်း သေသေချာချာ ဂဃနဏ သိထားဖို့ လိုအပ်သည်။

ဆင်းရဲခြင်းအမှန်တရား (ဒုက္ခသစ္စာ)     –           မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ စိုးရိမ်ပူပန်ရခြင်း၊ ဝမ်းနည်းပူဆွေးရခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပင်ပန်းခြင်း၊ လိုချင်သည်ကို မရခြင်း… အစရှိသည်တို့ ဆင်းရဲခြင်းအမှန်တရား (ဒုက္ခသစ္စာ) မည်၏။

ဆင်းရဲဖြစ်ကြောင်း အမှန်တရား(သမုဒယသစ္စာ)           –           ကာမဂုဏ်အာရုံတို့တွင် တွယ်ငြိခြင်း (ကာမတဏှာ)၊ ဘဝကို တွယ်ငြိခြင်း (ဘဝတဏှာ)၊ သေဆုံးလျှင် ဘဝပြီးပြတ်သည်ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိ နှင့်တကွဖြစ်သော တွယ်ငြိခြင်း (ဝိဘဝတဏှာ) တို့သည် ဆင်းရဲဖြစ်ကြောင်း အမှန်တရား (သမုဒယသစ္စာ) မည်၏။

ဆင်းရဲချုပ်ငြိမ်းရာ အမှန်တရား (နိရောဓသစ္စာ)           –           စွဲလမ်းတပ်မက်မှု, တဏှာ ချုပ်ငြိမ်းရာ, ဆင်းရဲချုပ်ငြိမ်းရာ တရားသည် နိရောဓသစ္စာ မည်၏။

ဆင်းရဲငြိမ်းကြောင်း အမှန်တရား(မဂ္ဂသစ္စာ)      –           အစောပိုင်းတွင် ဆိုခဲ့သည့်အတိုင်း မဂ္ဂင်ရှစ်ပါးသည် ဆင်းရဲငြိမ်းကြောင်းဖြစ်၏။ သစ္စာလေးပါးကို ပိုင်းခြားထင်ထင် သိမြင်နိုင်ရန် လိုက်နာကျင့်ကြံရမည့်တရားမှာ မဂ္ဂင်ရှစ်ပါးဖြစ်သည်။

ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာသုံးပါးဆိုသည်မှာ

ဘုရား, တရား, သံဃာ ကို ရတနာသုံးပါးဟု ခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။ ရတနာသုံးပါးသည် ဗုဒ္ဓဘာသာတို့အတွက် အမြင့်မြတ်ဆုံးသော ကိုးကွယ်အားထားရာဖြစ်သည်။ ရတနာသုံးပါးအား ရှိခိုးပူဇော်ခြင်းအကျိုးမှာ လောကီစီးစိမ်းချမ်းသာတို့နှင့် နှိုင်းယှဥ်ဖော်ပြခြင်းငှါ မစွမ်းနိုင်အောင်ပင် များပြားလှသည်။ ထို့ကြောင့် မကောင်းမှု အကုသိုလ်ကံများ ကင်းစင်ဝေး၍ ကောင်းကျိုးချမ်းသာ သုခအဖြာဖြာတို့ကို ဖြစ်ပေါ်စေသော ရတနာသုံးပါးကို သက်ဝင်ယုံကြည်၍ ရှိခိုးပူဇော်ကြရမည် ဖြစ်သည်။ ရတနာ ၃ ပါးဆိုသည်မှာ

မြတ်စွာဘုရားရတနာ

သစ္စာလေးပါး မြတ်တရားကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား။ ဆရာတစ်ဆူဖြစ်သော မြတ်စွာဘုရားသည် အောက်ဖော်ပြပါ ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူ၏။

ပညာဉာဏ်       –           ဆင်ခြင်သည်ရှိသော် အလိုရှိတိုင်း သိတော်မူသော သဗ္ဗညုတဉာဏ်သည် ကိုယ်တော်တိုင် ကြိုးစားအားထုတ်၍ ရရှိတော်မူသော ဉာဏ်တော်ဖြစ်သည်။ မဖောက်မပြန် မှန်ကန်သော ဉာဏ်တော်ဖြစ်သည်။

သီလ    –           မြတ်ဗုဒ္ဓသည် သတ္တဝါတို့အပေါ်တွင် မုန်းခြင်းအလျင်းမရှိ၊ တွယ်ငြိခြင်းလည်း အလျင်းမရှိ။ ကိလေသာဟူသမျှ မြူမျှမကျန် ကင်းစင်တော်မူသော စင်ကြယ်သန့်ရှင်းသော စိတ်နှလုံး ရှိတော်မူသည်။

မေတ္တာတရား   –           မြတ်ဗုဒ္ဓ၏ မေတ္တာတရားသည် သတ္တဝါတို့အကျိုးကိုသာ လိုလားသော အပြစ်ကင်းစင်ဆုံး မေတ္တာတရားဖြင့် ဒုက္ခပင်လယ်ထဲတွင် တဝဲလည်လည်ဖြစ်ကာ ကူရာမဲ့နေသော သတ္တဝါတို့ကို ကယ်တင်တော်မူ၏။ သတ္တဝါတို့ကို ကယ်တင်ရန် ကြီးမားသော မေတ္တာတရားရှိတော်မူသည်။

 တရားရတနာ

မြတ်ဗုဒ္ဓသည် ဓမ္မခန္ဓာရှစ်သောင်းလေးထောင်ဟု ဆိုအပ်သော တရားရတနာကို ရှာဖွေတွေ့ရှိခဲ့သည်။ မြတ်ဗုဒ္ဓသည် သူကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့သော တရားရတနာသည် သတ္တဝါတို့အား ပျော်ရွှင်ခြင်း, ငြိမ်းချမ်းခြင်းကို ပေးစွမ်းနိုင်သည်ဟု အာမခံဟောပြောခဲ့သည်။ မြတ်ဗုဒ္ဓ၏ တရားဓမ္မများသည် နာယူသူ၏ ဉာဏ်အနု,အရင့်ပေါ် မူတည်၍ ဟောကြားထားသော တရားတော်များ ဖြစ်သည်။ သတ္တဝါတို့နှင့် သင်လျော်သောတရားကို မည်သို့ ဟောကြားရမည်ကို သိ‌တော်မူသည်။ သတ္တဝါတို့အား သံသရာခရီးလမ်းတွင် အဆင်ပြေတိုးမှု၊ ကောင်းမွန်မှု ငြိမ်းချမ်းမှုတို့ကို ရရှိရန် ဟောကြားထားသော တရားရတနာ ဖြစ်ပါသည်။

“သံဃာ” ဟူသော စကားလုံးသည် အဝါရောင်သင်္ကန်းကို ဝတ်ရုံထားသော သံဃာတော်အရှင်သူမြတ်ကို ကိုယ်စားပြုပါသည်။ အကျင့်သီလကို အဓိကထား၍ ဆိုရလျှင် မြတ်ဗုဒ္ဓ၏ တရားတော်များကို စနစ်တကျ လေ့လာကျင့်ကြံအားထုတ်နေသော လူသားအားလုံးကို ဆိုနိုင်ပါသည်။ သာသနာဘောင်မှ “သံဃာ”ကိုပဲ ဆိုဆို၊ မည်သည့် ”သံဃာ”ပဲ ဖြစ်ဖြစ်။ “သံဃာ”တွင် အောက်ပါအတိုင်း ၂ မျိုး ကွဲပြားသည်။ (သံဃာ၏ အဓိပ္ပါယ်မှာ “အယူသီလ တူမျှသော ပုဂ္ဂိုလ် အပေါင်းအစု” ဟူ၍ ဖြစ်ပါသည်။)

သမုတိသံဃာ – ပုထုဇဥ်သံဃာတော်

အရိယာသံဃာ – အရိယာသံဃာတော်

(အရိယာ = သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ)

သာသနာတော်မှ သံဃာဖြစ်ဖို့ဆိုလျှင် ဝိနည်းစည်းကမ်းအတိုင်း မျက်မြင်သက်သေပုဂ္ဂိုလ်နှင့် သာသနာ့ဘောင်သို့ အစဥ်အတိုင်း တက်ရပါသည်။ လုပ်ရိုးလုပ်စဥ်အတိုင်း မလုပ်ဘဲ လောကုတ္တရာဓမ္မတရားများ နှလုံးသားထဲမှာ ကိန်းအောင်းတည်ရှိနေပြီး လက်တွေ့ဘဝတွင် လိုက်နာကျင့်သုံးဖြင့်လည်း နိုဘယ်သံဃာ (ခေါ်) သာသနာ့ဘောင်သို့ ဝင်စရာမလိုသော ဒုတိယသံဃာအဖွဲ့ဝင် ဖြစ်နိုင်ပါသည်။

သာသနာတော်သို့ ဝင်ရောက်သူဖြစ်စေ, မဝင်ရောက်သူဖြစ်စေ၊ ကျား,မ မရွး၊ အသားအရောင် မရွေး၊ ရာထူးမရွေး အားလုံးသော ဗုဒ္ဓဘာသာဝင်များသည် ဒုတိယအမျိုးအစား “နိုဘယ်သံဃ” အဖွဲ့ဝင်များ ဖြစ်နိုင်ပါသည်။ တရားတော်ကိုကျင့်သုံးခြင်း အကျင့်ဖြင့် မိမိကိုယ်ကို သာသာတော်သို့ ဝင်‌ရောက်ထားခြင်း ဖြစ်ပါသည်။

အာသာဠှပူဇာနေ့နှင့် ကမ္ဘာမြေငြိမ်းချမ်းရေး

ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းသော ဘာသာတစ်ခုဖြစ်သည်။ မြတ်ဗုဒ္ဓ၏ တရားဓမ္မများသည် နေ့စဥ်ဘဝတွင် လိုက်နာကျင့်သုံးရမည့် တရားများဖြစ်သည်။ တရားတော်သည် လိုက်နာကျင့်ကြံသော သတ္တဝါတို့အား အေးချမ်းခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို ပေးစွမ်းနိုင်သည်။ ထို့အပြင် လောဘ, ဒေါသ, မောဟ အကုသိုလ်တရားတို့ ကင်းစင်အောင် စောင့်ရှောက်ပေးသည်။

ဗုဒ္ဓဘာသာဝင်တို့သည် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူများ ဖြစ်ကြသည်။ အခက်အခဲပြဿနာများကို ဖြေရှင်းရာတွင် အကြမ်းနည်းမသုံးဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းတတ်သူများ ဖြစ်ကြသည်။ မြတ်ဗုဒ္ဓသည် သူ့ကို ကိုးကွယ်ရန် မည်သူ့ကိုမှ ဖိအားမပေးပါ။ ကိုယ်တိုင် လက်တွေ့ကျင့်ကြံပြီး အမှန်တကယ် အကျိုးရှိကြောင်း ကိုယ်တိုင်သိရှိမှ လက်ခံရန် ဟောကြားထားပါသည်။

လူသားတို့သည် တရားအားထုတ်ခြင်းဖြင့် ဗုဒ္ဓတရားတော်များကို နေ့စဥ်ဘဝတွင် လိုက်နာကျင့်ကြံပါက အကုသိုလ်အညစ်အကြေးများ တဖြည်းဖြည်း ကင်းစင်ဝေးသွားပါလိမ့်မည်။ တပါးသူအပေါ် မေတ္တာတရားနှင့် အကြင်နာတရား ထားတတ်လာမည်။ ထိုကဲသို့ဆိုလျှင် ငြိမ်းချမ်းသောကမ္ဘာမြေသည် ဧကန်မုချ ဖြစ်လာပါလိမ့်မည်။

မြတ်ဗုဒ္ဓ၏ တရားဓမ္မများသည် တန်ဖိုးမဖြတ်နိုင်အောင် ကြီးမားလှပါသည်။ ဝါဆိုလပြည့်နေ့တွင် ဟောကြားတော်မူခဲ့သော တရားဦးဓမ္မစကြာကို သတိရအောက်မေ့ကြပါစို့။ စိတ်စင်ကြယ်အောင် တရားထိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး မေတ္တာတရားများ ပေးပို့ခြင်းတို့ဖြင့် ငြိမ်းချမ်းသော ကမ္ဘာမြေကြီးကို အားလုံးအတူတူ ဖန်းတီးကြပါစို့။

ဓမ္မကာယကျောင်းတိုက်တွင် ကျင်းပမည့် အာသာဠှပူဇာနေ့ အစီအစဥ်များ

ဓမ္မကာယကျောင်းတိုက်တွင် သံဃာတော်အရှင်သူမြတ်များနှင့် တကာတကာမများ စုပေါင်း၍ ကုသိုလ်များ ပြုလုပ်ခြင်းဖြင့် အာသာဠှပူဇာနေ့ (ခေါ်) ဓမ္မစကြာအခါတော်နေ့ကို ကျော်ဖြတ်ကြမည် ဖြစ်ပါသည်။ အာသာဠှပူဇာနေ့တွင် တကာ,တကာမတို့သည် သံဃာတော်အရှင်သူမြတ်တို့ ဟောကြားသော တရားတော်တို့ကို နာယူခြင်း, အလှူဒါနများ ပြုလုပ်ခြင်း, တရားထိုင်ခြင်းတို့ဖြင့် ကောင်းမှုကုသိုလ်တို့ကို အားပါးတရ ပြုလုပ်ကြမည် ဖြစ်သည်။

ထိုင်းနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှ သံဃာတော်အရှင်သူမြတ် တစ်သောင်းခန့်သည် zoomအွန်လိုင်းဖြင့် စုပေါင်းဘုရားရှိခိုးခြင်း၊ ပရိတ်ရွတ်ခြင်း၊ တရားထိုင်ခြင်း၊ ငြိမ်းချမ်းသော ကမ္ဘာမြေကြီး ဖြစ်စေရန် သတ္တဝါအပေါင်းဆီသို့ မေတ္တာဓာတ်များ ဖြန့်ဝေပေးခြင်းတို့ကို စုပေါင်းပြုလုပ်ကြပါမည်။ ထို့အပြင် ပြုလုပ်ထားသော ကုသိုလ်ကောင်းမှုများကို ကွယ်လွန်ပြီးသော မိမိချစ်ခင်ရသော ဆွေမျိုးများ၊ သူငယ်ချင်းများအား ကုသိုလ်အမျှပေးဝေကြပါမည်။

ထို့ကြောင့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်တို့ ကောင်းသောအမှုကိစ္စတို့ကို စုပေါင်းပြုလုပ်ခြင်းဖြင့် စိတ်သည် (ခန္ဓာကိုယ်အလယ်မှတ်တွင်) တည်ငြိမ်အေးချမ်းလာပါလိမ့်မည်။ စုပေါင်းပြုလုပ်ကြသော ကုသိုလ်စွမ်းအားများကို ပတ်ဝန်းကျင်သို့ ပေးပို့ဖြန့်ဝေမည်။  ဖြူစင်သောစိတ်၏အစွမ်းဖြင့် အမှောင်ကမ္ဘာကြီးသည် အလင်းရောင်ကမ္ဘာကြီးအဖြစ်သို့ ပြောင်းလဲသွားပါလိမ့်မည်။

ယခုကဲ့သို့ ကောင်းမှုများကို ပြုလုပ်ခြင်းဖြင့်  မိမိကိုယ်ကို ယုံကြည်မှုရှိလာပြီး ဗုဒ္ဓဘာသာအပေါ်၌လည်း သက်ဝင်ယုံကြည်လာပါလိမ့်မည်။ စဥ်းစားကြည့်ပါ…။ ကမ္ဘာပေါ်မှာရှိသည့် လူသားအားလုံး ကိုယ်စီကိုယ်စီ တရားအားထုတ်ကြမည်ဆိုလျှင် ထိုသူတို့၏ စိတ်နှလုံးသည် အေးချမ်းတည်ငြိမ်လာကာ ငြိမ်းချမ်းလာပါလိမ့်မည်။ ထိုကဲ့သို့ လူတစ်ဦးချင်းစီ၏ စိတ်နှလုံးသားများ ငြိမ်းချမ်းလာလျှင် ကမ္ဘာမြေကြီးသည်လည်း ဧကန်မုချ ငြိမ်းချမ်းလာပါလိမ့်မည်။

၂၀၂၁-ခုနှစ်, ဇူလိုင်လ ၂၄ ရက်နေ့တွင် ကျရောက်သော အာသာဠှပူဇာနေ့ ZOOM အွန်လိုင်း အခမ်းအနားသို့ တက်ရောက်ပါဝင်ရန် ဓမ္မကာယကျောင်းမှ လူကြီးမင်းတို့အားလုံးအား လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါသည်။

အာသဠှပူဇာဒေး

*************

စုပေါင်းတရားထိုင်ခြင်းနှင့် ဆီမီးပူဇော်ခြင်း

ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၁၃ရက်၊  ၊ ၂၀၂၂ ခုနှစ်

ဓမ္မကာယကျောင်းတိုက်၊ ထိုင်းနိုင်ငံ

အခမ်းအနား အစီအစဥ် (မြန်မာစံတော်ချိန်)

——————

ညနေ ၆ နာရီ ခွဲ – ဘုရားရှိခိုးခြင်း၊ ဆီမီးထွန်းညှိခြင်း။

၇ နာရီ – ကမ္ဘာတစ်လွှားမှ ZOOM ဖြင့် တက်ရောက်လာကြသော သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်များ၊ ဘိက္ခုနီများ၊ လူပုဂ္ဂိုလ်များ စုပေါင်း၍ ပရိတ်ရွတ်ဖတ်ပူဇော်ခြင်း။ စု​ပေါင်းတရားထိုင်ခြင်း။

၈ နာရီ ၂၀ မိနစ် – အဓိဋ္ဌာန်ပြုဆုတောင်းခြင်းနှင့် မေတ္တာပို့ခြင်း။

၉ နာရီ – အခမ်းအနား ပြီးဆုံးခြင်း။

__________________________

ဓမ္မစကြာဒေသနာတော်ကို အကြိမ်ရေ ၄,၅၅၅,၅၅၅,၅၅၅ ပြည့်အောင် ရွတ်ဖတ်ပူဇော်မည်။

– Link : zoom072.com/aec/3

– ID :  851 5505 2487

Passcode : 072